
အောင်ဇမ္ဗူဇာတ်သဘင်ကို စစ်ကောင်စီက ဖျော်ဖြေခွင့် ၁ နှစ်ပိတ် ပိတ်ပင်တားမြစ်လိုက်ပေမဲ့ မနေ့ညက ညတွင်းချင်း ပြန်ကပြခွင့်ရရှိပြီး ရုံပွင့်သွားတဲ့အတွက် ဗလာပွဲဖြစ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါ။
အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ မသန်စွမ်းသူတွေကို လှောင်ပြောင်ဟာသလုပ်ခဲ့တဲ့အတွက် ရွှေမင်းသား ဖောင်ဒေးရှင်းက တိုင်ကြားခဲ့ တာကြောင့် ကပြဖျော်ဖြေခွင့် ၁ နှစ် ပိတ်ပင်ထားဖို့ စစ်ကောင်စီလက်အောက်ခံ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကညွှန်ကြားထားတဲ့အကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးက ဖေဖော်ဝါရီလ ၂၇ ရက်မှာ စာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလို စာထွက်လာခဲ့တဲ့အတွက် သင်္ဃန်းကျွန်း၊ စံပြစီမံကိန်းရပ်ကွက်မှာ ကျင်းပတဲ့ ရန်မျိုးအောင်ဘုရားပွဲမှာ ကပြဖျော်ဖြေဖို့အစီစဉ်ထားတဲ့ ဇာတ်ပွဲအတွက် ကြိုတင်လက်မှတ် ဝယ်ထားသူတွေ ငွေပြန်ထုတ်ဖို့ ဇာတ်အဖွဲ့က လူမှုကွန်ယက်မှာ ကြေညာခဲ့ပါ သေးတယ်။
ဒါပေမဲ့ နာရီပိုင်းအကြာမှာပဲ ဇာတ်ကခွင့်ပြန်ရသွားတာဖြစ်လို့ ဘာကြောင့် ဇာတ်ကခွင့်ပြန်ရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မနေ့ညက ရန်မျိုးအောင်ဘုရားပွဲမှာ ပရိတ်သတ်ဖိအားကြောင့် နောက်ဆုံးညမှာပွဲ ဆက်ကခဲ့ရသလို ရုံပွင့်သွားတဲ့အတွက် ဗလာပွဲဖြစ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စံပြစီမံကိန်းရပ်ကွက်မှာနေထိုင်ပြီး ပွဲစျေးတတန်းမှာ စျေးရောင်းသူတယောက်က "ပရိသတ်က ပွဲကို ဆက်ကခိုင်းတယ်။ အစောပိုင်းမှာ အခြေအနေကတော်တော်တင်းမာတယ်။ ရဲရော၊ စစ်တပ်ရော ရောက်လာပြီး အင်အားပြ၊ လုံခြုံရေးယူတယ်။ ပြီးတော့ ကိုဖိုးချစ်လည်း ရောက်လာပြီး ညှိတယ်လို့ သိရတယ်။ ခဏကြာတော့ပွဲကို အစီအစဥ်အတိုင်း ဖျော်ဖြေမယ်လို့ ကြေညာတာကြားတယ်၊ ပွဲရုံ အကာအရံတွေလည်း ဖြိုချခံရပြီး ဗလာပွဲသဘောဖြစ်သွားတယ်" လို့ ပြောပါတယ်။
အောင်ဇမ္ဗူဇာတ်သဘင်ရဲ့ ဖျော်ဖြေတင်ဆက်မှုကို ည ၁၀ နာရီကျော်မှ ဇာတ်ရုံ အကာအရံတွေ မရှိတော့ဘဲ စတင်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ နယ်ခံပျူစောထီးတွေက ပတ်လည်မှာ လုံခြုံရေး အပြည့် ယူထားတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေက ပြောပါတယ်။
ဒါ့အပြင် အဲဒီပွဲစျေးတန်းကိုသွားရောက်တဲ့ လူငယ်တချို့ကို ပေါ်တာဆွဲ၊ ဖမ်းဆီး ခေါ်ဆောင်တာ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုတာတွေရှိပေမဲ့ သီးခြားအတည်ပြုလို့ မရပါဘူး။
အောင်ဇမ္ဗူဇာတ်သဘင်ရဲ့ တင်ဆက်မှုတွေမှာ မသန်စွမ်းသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာကို ထိခိုက်စေတာရှိတဲ့အတွက် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)က အရေးယူပေးဖို့ တိုင်ကြားခဲ့တာဖြစ်ပြီး စစ်ကောင်စီ သာသနာရေးနှင့် ယဥ်ကျေးမှု ဝန်ကြီးဌာနက ၁ နှစ်ပိတ်အရေးယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုပွဲကပြခွင့် တနှစ်တိတိ ပိတ်လိုက်တဲ့အတွက် ဖျာ/ထိုင်ခုံ လက်မှတ်ကြိုတင် ဝယ်ယူထားသူတွေကို ကျသင့်ငွေ ပြန်ထုတ်ပေးသွားမယ်လို့ ဇာတ်သဘင်ကန်ထရိုက် လုပ်ဆောင်နေတဲ့ ကိုကျော်ဇေယျက သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
ရန်မျိုးအောင်ဘုရားပွဲမှာ အောင်ဇမ္ဗူဇာတ်သဘင်က ဖေဖော်ဝါရီ ၂၅ ရက်ကတည်းက ပွဲဝင်နေတာဖြစ်ပြီး ကြိုတင်လက်မှတ်ရောင်းချချိန်မှာ ညအိပ်စောင့်ဆိုင်းဝယ်ယူသူတွေ ရှိခဲ့သလို မှောင်ခိုလက်မှတ် စျေးကွက်ပေါ်ပေါက်တဲ့အထိရှိခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။
အောင်ဇမ္ဗူဇာတ်သဘင်ဟာ ရန်မျိုးအောင်ဘုရားပွဲပြီးရင် မတ် ၁ ရက်ကနေ ၄ ရက်အထိ ကျုံမငေးမြို့ စွယ်တော်မြတ်ဘုရားပွဲ၊ မတ် ၆ ရက်မှ ၈ ရက်အထိ တောင်မြောက်လမ်းဆုံမြို့ ဦးစေတီဘုရားပွဲ၊ မတ် ၁၉ ရက်မှ ၂၂ ရက်အထိ ကျိုက်ဝိုင်းဘုရားပွဲတွေမှာ ကပြဖို့ရှိခဲ့တာလို့ ပွဲစီစဥ်နေသူတွေက ဆိုပါတယ်။
အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ကလေးငယ်တယောက်ကို စင်ပေါ် ခေါ်တင်ပြီး ဘောင်းဘီချွတ်ကာ မဖွယ်မရာပြောဆိုပြီး ဟာသပြက်လုံးထုတ်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရ ပါသေးတယ်။


