Home
မြန်မာသတင်း
ကူညီထောက်ပံ့မှု နည်းပါးသဖြင့် မသန်စွမ်းပြည်သူအချို့ တောင်းရမ်းစားသောက်နေရ
DVB
·
January 9, 2026

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက မသန်စွမ်းသူတွေကို ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ မရှိသလောက် နည်းပါးခဲ့ပြီး အများစုဟာ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေကာ တချို့မသန်စွမ်းတွေကတော့ တောင်းရမ်းစားသောက်နေရတဲ့ အခြေအနေတွေအထိ ကြုံနေကြရပါတယ်။

အရပ်သားအစိုးရလက်ထက်က စစ်ကိုင်းတိုင်းထဲက မသန်စွမ်းမှတ်ပုံတင်ထားသူတွေကို တလ ကျပ် ၂ သိန်းဝန်းကျင် ထောက်ပံ့ပေးခဲ့သလို အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ထောက်ပံ့ငွေပေးတာ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းတွေပေးတာ စတဲ့ အထောက်အပံ့တွေ ရရှိခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မသန်စွမ်းတွေဟာ အစိုးရထောက်ပံ့ကြေး မရရှိတော့သလို ပြည်တွင်းမှာ မသန်စွမ်းအရေး ကူညီမှုပေးတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း မရှိသလောက် နည်းပါးသွားပြီ ဖြစ်ပါတယ်။

အရင်ကတော့ အလုပ်မလုပ်နိုင်တဲ့ မသန်စွမ်းတွေဟာလည်း ထောက်ပံ့ကြေးတချို့နဲ့ ထမင်းနပ်မှန်ခဲ့ပေမဲ့ လက်ရှိမှာတော့ အကူအညီအထောက်အပံ့တွေ မရရှိတော့တဲ့အတွက် ရန်ကုန်မြို့မှာနေထိုင်တဲ့ မသန်စွမ်းသူတချို့ဟာ တောင်းရမ်းစားသောက်နေရတဲ့အထိ ဖြစ်နေတယ်လို့ မသန်စွမ်းသူတယောက်က ပြောပြပါတယ်။ 

“အခုသူငယ်ချင်းတယောက်ဆို ထွက်တောင်းပြီးတော့ စားသောက်နေရတာ၊ နေရထိုင်ရတာလည်း သူတို့ ရန်ကုန်မှာဆိုတော့ တအားစိတ်ဆင်းရဲနေမှာပေါ့။ သူ လမ်းဘေးမှာအိပ် လမ်းဘေးမှာနေ အဲ့သဘောမျိုးဖြစ်တာလေ။ မိသားစုကလည်း မရှိတော့ သူကလေ၊ ဆံပင်ညှပ် ဘာညာကလည်း မလုပ်တတ် တခြားအလုပ်ကလည်း မလုပ်နိုင်ဆို‌တော့ လမ်းဘေး ငတ်တလှည့် ပြတ်တလှည့်နဲ့ တောင်းစားရင်း အခုကျ ပျောက်သွားတာပေါ့နော်။ ဒီနောက်ပိုင်းကျ သက်မွေးသင်တန်းကျောင်းတွေ ကူညီရေးအဖွဲ့စည်းတွေက တခုမှမရှိတော့ဘူးလေ၊ ဇီးရိုးဖြစ်သွားပြီ။”

အာဏာမသိမ်းခင်ကတော့ မသန်စွမ်းသူတွေဟာ ကူညီထောက်ပံ့မှု အပြည့်အဝ ရရှိခဲ့တဲ့အတွက် တခါတရံ ကိုယ့်ကိုယ်ကိုယ် မသန်စွမ်းသူဖြစ်တယ်ဆိုတာတောင် မေ့ပျောက်ခဲ့ရတယ်လို့ မသန်စွမ်း အမျိုးသားတယောက်က ပြောပါတယ်။

လက်ရှိကာလ နိုင်ငံစီးပွားရေး အဘက်ဘက်က ကျဆင်းနေချိန်မှာ သာမန်လူတွေတောင် စားဝတ်နေရေး အဆင်မပြေသလို မသန်စွမ်းတွေကတော့ ထမင်းနပ်မှန်အောင် စားရဖို့ကို စိတ်ပူနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲ့ အထောက်အပံ့တွေလည်း နည်းလာတာကြောင့် အရပ်ဘက်အဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေ ပိုနည်းလာပြီး ကူညီမပေးနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်းက မသန်စွမ်းအရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။

“Organization side မှာဆိုရင် အရင်တုန်းက မသန်စွမ်းတဲ့သူတွေအတွက် Organization ကို နိုင်ငံတကာကနေ အထောက်အပံ့ရောက်တယ်။ အဲ့ကနေတဆင့် ကျမတို့က ပြန်ထောက်ပံ့တာတွေ ရှိတယ်။ အခုနောက်ပိုင်းကကျတော့ နည်းသွားတယ်၊ မရှိသလောက်ကို ရှားသွားတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဖြစ်တာလေ၊ ဖြန့်ဝေဖို့တွေ ထောက်ပံ့ဖို့တွေက အရမ်းအားနည်းလာတဲ့ အခါကျတော့ မသန်စွမ်းတွေဆိုရင် စားဝတ်နေရေး ပိုပြီး‌တော့ ကျပ်တည်းလာတာကို တွေ့ရတယ်။”

စစ်ကောင်စီရဲ့ ၂၀၂၄ သန်းခေါင်စာရင်းအရတော့ မြန်မာနိုင်ငံမှာ ပြည်သူ ၂ ဒသမ ၂၉ သန်းဟာ မသန်စွမ်းသူတွေဖြစ်ကြပြီး အာဏာသိမ်းတိုက်ပွဲတွေနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေ နိုင်ငံအနှံ့မှာ ရှိနေတဲ့အတွက် မသန်စွမ်းဦးရေဟာ တိုးမြင့်လာနေပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013