မြန်မာ-ထိုင်းနယ်စပ်၊ မောတောင်မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင် ထွက်ပြေးလာတဲ့ ဒေသခံ ၂,၀၀၀ ကျော်ရှိပြီး အရေးပေါ် စောင်၊ ဖျာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးသူတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့မှာ တနင်္သာရီတိုင်း မောတောင်မြို့ရှိ စစ်ကောင်စီတပ်က အနီးနားရှိ ကျေးရွာတွေဆီ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံအများစု မြန်မာ-ထိုင်း နယ်စပ်မျဥ်းပေါ်မှာ စစ်ဘေးရှောင်ခဲ့ရပါတယ်။
နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ မောတောင်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်က မောတောင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အခုလက်ရှိမှာတော့ စစ်တပ်က မောတောင်မြို့နဲ့ ထုံခါး-မောတောင်လမ်းပိုင်းရှိ ကျေးရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ၂,၀၀၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ အခက်အခဲ ဖြစ်နေတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေထဲမှာ မြန်မာ-ထိုင်း နယ်စပ်မျဥ်းပေါ်မှာ ဒေသခံ ၁,၄၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရပြီး KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲမှာ ဒေသခံ ၆၀၀ ကျော်နဲ့ တခြား နီးစပ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင်သူတွေလည်းရှိပြီး ဆောင်းရာသီဖြစ်တာကြောင့် စစ်ရှောင်တွေမှာ စောင်နဲ့ ဖျာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “မောတောင်နယ်စပ်ရဲ့ ဆောင်းရာသီက အရမ်းအေးတယ်။ တချို့စစ်ရှောင်တွေထဲမှာ လေဖြတ်ထားတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အသက် ၇၀ ကျော်တွေလည်း များတယ်။ ကလေးသူငယ်တွေလည်း များတော့ သူတို့အတွက် စောင်တွေ၊ ဖျာတွေ နွေးထွေးစေမယ့် အရာတွေမျိုး လိုအပ်တယ်” လို့ ပြောပါတယ်။
နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းရောက် မြန်မာနိုင်ငံသားတွေက ရေချိုးခန်းနဲ့ ယာယီအိမ်သာတွေ ဆောက်လုပ်ပေးထားပြီး စားနပ်ရိက္ခာတွေကို ထိုင်းအာဏာပိုင်ကနေတဆင့် ပို့ပေးနေတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
ကူညီပေးသူတယောက်က “ထိုင်းစစ်တပ်က ထမင်းထုပ်ပဲ ပို့ခွင့်ပေးတယ်။ ကျန်တဲ့ပစ္စည်း ပို့ခွင့်မပေးတော့ ထမင်းဟင်းတွေ ချက်ပြုတ်ပြီးတော့ နေ့စဥ်ပို့တယ်။ ချုံဖွန်တို့၊ ဘန်ဘူရီဘက်ကနေပြီးတော့ ဆန်လာလှူတာတွေ၊ ထမင်းထုပ်တွေ လာပေးတာတွေ၊ ကားတွေနဲ့ လာနေကြတယ်။ အစပိုင်းမှာ ကိုယ့်လူတွေက အထဲထိဝင်ပေးလို့ရတယ်။ နောက်တရက်ကျတော့ ကားသမားတောင် ဝင်ခွင့်မပေးတော့ဘူး။ ထိုင်းစစ်သားက ကိုယ်တိုင်မောင်းပြီး တက်သွားတယ်။ ကိုယ့်ဘက်က ဝင်ခွင့်မရတော့ဘူး။ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ခွင့်မရဘူး။ အထဲက စစ်ရှောင်တွေက လိုင်းပေါ်ကနေပြီး အခြေအနေ ပြန်ပြောပြနေတာတော့ ရှိတယ်။ မိုးတွေရွာမှာဖြစ်တဲ့အတွက် ဒီဘက် ကူညီနေတဲ့အဖွဲ့တွေကနေပြီး မိုးကာတွေ လှူပေးလိုက်တယ်။ မိုးရွာရင် အရေးပေါ် သုံးလို့ရအောင်ပါ။ တောင်ပေါ်စစ်ရှောင်တွေကိုကျတော့ ကျနော်တို့ မနေ့က KNU ပိုင်းနဲ့ ချိတ်ဆက်ပြီး ဆန်တွေ ဆီတွေ မာမား၊ ငါးသေတ္တာ၊ တာလပတ်တွေကို ပို့သွင်းလိုက်ပြီ” လို့ ပြောပါတယ်။
မောတောင်မြို့သိမ်းတိုက်ပွဲကြောင့် စစ်ရှောင်တွေဟာ ၂ လကျော်အထိ နေအိမ်ပြန်မဝင်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။








