စစ်ကိုင်းတိုင်း၊ ခင်ဦး-ရေဦး-ကန့်ဘလူနယ်ထဲမှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းနဲ့ချီဟာ တိမ်းရှောင်ထွက်ပြေးနေကြရပြီး ရက်ရှည်လာတာနဲ့အမျှ နေမကောင်းဖြစ်သူတွေလည်း ရှိလာပါတယ်။
နိုဝင်ဘာ ၁၉ ရက်မှာ ခင်ဦး-ကန့်ဘလူ- ရေဦး အစပ်၊ ခင်ဦးနယ်အနောက်မြောက်ခြမ်းကို ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရကြပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်တွေကိုလည်း ရေဦးမြို့မှာ အထိုင်ချထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
မုံလှကျေးရွာကိုရောက်နေတဲ့ အင်အား ၃၀၀ ဝန်းကျင် စစ်ကြောင်းကလည်း စစ်ရှောင်တွေရှိရာ ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေပစ်ခတ်နေပြီး ဒီစစ်ကြောင်းကြောင့် စစ်ရှောင်သောင်းနဲ့ချီဟာ ၁၀ ရက်ကြာလောက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရေဦး-ခင်ဦးနယ်က ကျောက်တိုင်၊ ကျီစု၊ ပင်စိမ်းကင်း စတဲ့ရွာတွေ၊ ကန့်ဘလူနယ်က ဝက်တိုး၊ အိုင်ပေါင်းချောင်၊ ယင်းတိုက်နဲ့ ခင်ဦးနယ်က ငါးရုံကြီး၊ ရှားတော၊ မုံလှ၊ သာဝတ္ထိ၊ မြင်းကျ၊ သရက်ကုန်း၊ ကျွန်းတောကြီး၊ ကျွန်းတောလေး(ဥယျာဉ်)၊ မကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊ သရက်ပင်စု၊ အင်တိုင်းလေး တောင်/မြောက်၊ သက်သာပန်းတောင်း(ကားဆိပ်)ရွာတို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
စစ်ကောင်စီက အဲဒီနယ်ထဲကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို ရွာတချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တိမ်းရှောင်ရတာရက်ရှည်လာတာနဲ့အမျှ စစ်ရှောင်တွေအတွက် နေစရာ၊ စားစရာ အခက်အခဲတွေ များလာပြီး ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာ နေမကောင်း ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

















