Home
မြန်မာသတင်း
စစ်တပ်အကြမ်းဖက်မှုကြောင့် ၄ နှစ်ကျော်အတွင်း မသန်စွမ်း ၁၁၇ ဦး သေဆုံး 
DVB
·
October 25, 2025

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် မသန်စွမ်းသူ စုစုပေါင်း ၁၁၇ ယောက် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုအစီအစဉ်မှာ ဦးကျော်မိုးထွန်းက အခုလို ပြောကြားခဲ့တာပါ။ 

မသန်စွမ်းသူတွေအနေနဲ့ အခြေခံအခွင့်အရေး ရပိုင်ခွင့်တွေကိုတောင် မခံစားနိုင်တော့ဘဲ ပစ်မှတ်ထား အကြမ်းဖက်ခံရခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရတယ်လို့  ဆိုပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းတွေကတော့ အများစုဟာ စစ်တပ်ရဲ့ မြေပြင်စီးနင်းမှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု စတဲ့ အရပ်သားပြည်သူ နေထိုင်ရာ ဒေသတွေကို မဆင်မခြင် တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ သွားလာလှုပ်ရှားမှု ဒါမှမဟုတ် အာရုံခံနိုင်စွမ်း အားနည်းချို့ယွင်းနေတဲ့ မသန်စွမ်းသူတွေဟာ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲတာကြောင့် သူတို့ဟာ ပိုမိုထိရှလွယ်ပြီး သေဆုံးရသည်အထိ ဖြစ်ခဲ့တယ်လို့လည်း ဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅.၉ သန်းကျော် ဒါမှမဟုတ် လူဦးရေ စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းမှာ မသန်စွမ်းသူများ ဖြစ်ပြီး မသန်စွမ်းသူတွေအနေနဲ့ အသက်ရှင်နေထိုင်ခွင့်အတွက် အာမခံချက်မရှိဘဲ အမြဲ အကြောက်တရားနဲ့သာ နေထိုင်နေကြရသလို စစ်အုပ်စုအနေနဲ့ ဆက်လက်ရှိနေပြီး ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ကျူးလွန်နေမယ်ဆိုပါက မသန်စွမ်းသူဦးရေဟာ ဆက်လက်မြင့်တက်လာပြီးတော့ စစ်အုပ်စုရဲ့ အခွင့်အရေးတွေ ချိုးဖောက်တာကိုလည်း မသန်စွမ်းသူတွေဟာ ဆက်လက်ခံစားနေရမယ်လို့လည်း သတိပေးခဲ့ပါတယ်။

အဲ့ဒီအတွက် စစ်အုပ်စုကို သက်ဆိုးရှည်စေမယ့် စစ်အုပ်စု ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြရမှာ ဖြစ်သလို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ခြင်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်းစွမ်းသူတွေရဲ့ အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးကြဖို့ကိုလည်း ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013