Home
မြန်မာသတင်း
ကလေး-ခါမ်းပါတ်-တမူးလမ်းပိုင်း နယ်မြေအချို့ကို စစ်တပ် ပြန်ထိန်းချုပ်
DVB
·
October 24, 2025

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကလေး-ခါမ်းပါတ်-တမူး လမ်းပိုင်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပြီး နယ်မြေတချို့ကို ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကလေး-ခါမ်းပါတ်-တမူး လမ်းပိုင်းကို စစ်ကော်မရှင်တပ်တွေ ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။ 

ဒေသခံတွေရဲ့ ပြောပြချက်အရ ကလေးမြို့နယ် မြောက်ပိုင်းကရွာတွေဖြစ်တဲ့ ပျဉ်းခုံကြီး၊ ပျဉ်းတောဦး၊ ပြည်တော်သာ၊ မြလင်း၊ မောက်လင်း၊ နဲ့ ရန်မျိုးအောင် စတဲ့ရွာတွေအပါအဝင် ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံတွေနဲ့ တမူးဘက်အခြမ်းက ဘုတ်ကန်၊ ခမ်းပတ်၊ ကနန်၊ ကျွန်းတော ရေရှင် စတဲ့ကျေးရွာအပါအဝင် ကျေးရွာတော်တော်များများက ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကိုင်းဘက်က အခြေခံလူသုံးကုန် တင်သွင်းခွင့်ပိတ်ထားတာ လနဲ့ချီပြီရှိတဲ့အတွက် စစ်ရှောင်တွေရဲ့ လိုအပ်ချက်တွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

ဒေသခံစစ်ရှောင်တယောက်က “ကျနော်တို့ စစ်ရှောင်တွေရဲ့ အခြေအနေကတော့ ဒီ စကစဘက်ကနေပြီးတော့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အချိန်မှာ ဒီဒေသခံပြည်သူတွေအားလုံးနီးပါး ပြင်ဆင်ချိန်မရဘဲ အဝတ်တထည် ကိုယ်တခုနဲ့ နီးစပ်ရာ ရွာနီးချုပ်စပ်ကို ပြေးရတဲ့ အနေအထားဖြစ်ပါတယ်။ ဆိုတော့ မိုးကမပြတ်သေးဘူး ဆောင်းက ဝင်တော့မယ်ဆိုတော့ ဒီရာသီအကူးအပြောင်းကာလမှာ ဖျားတာနာတာ တော်တော်လေးကြုံရတယ်။ အရေးပေါ်ကူညီစောင့်ရှောက်မှုတွေရှိပေမဲ့ ကျနော်တို့ လက်လှမ်းမီသလောက် ရှိပေမဲ့ အလုံအလောက်မရကြဘူးပေါ့ဗျာ။ ဒါကတော့ လက်ရှိ ပြည်သူတွေရဲ့ ကျန်းမာရေးအနေအထားပါပဲ။ ဆိုတော့ စစ်ရှောင်တဲ့ပြည်သူတွေအနေနဲ့ ဒီကာလအတောအတွင်းမှာ စကစ ဘက်ကနေပြီးတော့ စစ်ကြောင်းမရပ်သေးသရွေ့ကတော့ စားနပ်ရိက္ခာလိုအပ်မှုကတော့ မြင့်တက်နေမှာပဲ” လို့ ပြောပါတယ်။

စစ်တပ်လော်ဘီ တယ်လီ၈ရမ်ချန်နယ်တွေမှာတော့ လက်ရှိ စစ်ကြောင်းဝင်နေတဲ့ ရွာတွေဖြစ်တဲ့ ကလေးမြို့နယ်မြောက်ပိုင်းက ကံကြီး၊ ကံသာယာ၊ နန်စောင်းပု၊ ရာဇဂြိုလ် ကျေးရွာတွေက တော်လှန်ရေးတပ်တွေရဲ့ စခန်း ၄ ခုနဲ့ အောက်တိုဘာ ၂၀ ရက်နေ့မှာ လက်ပံချောင်းရဲစခန်းကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်မှာတော့ မြစိမ်းကျေးရွာနဲ့ မော်စီကျေးရွာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။ 

DVB အနေနဲ့ မြေပြင်က တော်လှန်ရေးတပ်တွေကို ဆက်သွယ်မေးမြန်းပြီး အတည်ပြုဖို့ကြိုးစားနေပေမဲ့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

ကလေး-တမူးဘက်ခြမ်းမှာ စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ CDM ဆရာမ ဒေါ်ရတီအုန်းကတော့ အခုဝင်လာတဲ့ စစ်ကြောင်းမှာ ပျူစောထီး နဲ့ စစ်မှုထမ်းပါလာတဲ့ ပြည်သူ့စစ်တွေများပြီး ရွာတချို့က ဒေသခံတွေဟာ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆော်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Mobile Medical Team တာဝန်ခံ ဒေါ်ရတီအုန်းက “ပေါ်တာဆွဲထားတဲ့ ပြည်သူ့စစ်ခေါ်မလား အဲ့ဒါတွေအများကြီး ပါတယ်လို့ပြောတယ်။ အဲ့ဒါတွေကို အရှေ့ကနေ လူသားဒိုင်းသဖွယ်သုံးပြီးတော့မှ အနောက်ကနေ စစ်ကောင်စီတပ်သားတွေက လိုက်ပါတယ်လို့လည်း သတင်းရပါတယ်။ အဓိကကတော့ ဆေးဝါး၊ စားနပ်ရိက္ခာ၊ နောက် ဒီဘက်က ဆောင်းဝင်ပြီ။ အဲ့အတွက်ကြောင့်မို့ ဒီချမ်းအေးတဲ့ ရာသီဥတု ခြင်တွေ၊ မှတ်တွေ ကိုက်တာ၊ နောက်ရေကြောင့် ဖြစ်တဲ့ ယားနာတွေအဲ့ကျတော့ အခြေခံလိုအပ်ချက်ပေါ့နော် ဆေးဝါး စားနပ်ရိက္ခာ နေရေးထိုင်ရေးအတွက်လို့ ဖြေချင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာလည်း ကလေး-တမူး လမ်းကြောဘက်ကို စစ်ကြောင်းထိုးလာလို့ တမူးမြို့နယ်ထဲက ထန်းတပင်၊ နန်းမွန်းတား၊ ပွတ်သာ၊ ခမိတ် စတဲ့ကျေးရွာတွေအပါအဝင် ရွာပေါင်း ၁၀ ရွာက ဒေသခံ ၂ သောင်းကျော် စစ်ရှောင်ခဲ့ရပါသေးတယ်။ 

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024