Home
မြန်မာသတင်း
ဘုတလင်တွင် ကထိန်ပွဲလုပ်မည့်ရွာကို စစ်တပ်က လက်နက်ကြီးပစ်ခတ်
DVB
·
October 23, 2025

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ထန်းတောညောင်ကုန်းရွာကို စစ်တပ်က အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသားတယောက် ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထန်းတောညောင်ကုန်းရွာဟာ စစ်တပ်အထိုင်ချနေထိုင်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် စခန်းနဲ့ ၃ မိုင်ခန့်ဝေးကွာတဲ့ ကျေးရွာ ဖြစ်ပါတယ်။

ဒေသခံရွာသားတယောက်က “ဘာတိုက်ပွဲမှ မရှိဘူးဗျ။ ကထိန်ပွဲလုပ်ဖို့ ပြင်ဆင် ချက်ပြုတ်နေတာကို နမခ တပ်အတွင်းကနေ အကြောင်းမဲ့ ပစ်ခတ်တာ။ ပစ်တဲ့လက်နက်ကြီးက ၆ လုံးပါဗျ။ အဲလိုပစ်ခတ်လို့ ကထိန် ဒါယကာ၊ ဒါယိကာမအိမ်အနီး ကျရောက်ပေါက်ကွဲပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦးရဲ့ လည်ပင်းနဲ့ လက်မောင်းကို ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ အသက်အန္တရာယ်အတွက် မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၂ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး အောက်တိုဘာ ၂၃ ရက် မနက်ခင်းပိုင်းမှာ နမခတပ်အတွင်းကနေ ထန်းတောညောင်ကုန်းရွာဘက်ကို စစ်ကြောင်းထိုးလာပြီး ဦးသာဘုံကိုင်းရွာကို ရောက်ရှိကာ တပ်နောက်ပြန်ဆုတ်သွားတယ်လို့လည်း သိရပါတယ်။

ဘုတလင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “သူတို့ အထိုင်စခန်းနဲ့ ဒီရွာတွေနဲ့က အသံချဲစက်ဖွင့်ရင်တောင် အတိုင်းသား ကြားနေရတာပဲ။ ဘာသာ‌ရေးပွဲလုပ်တယ် ဆိုတာလည်း သူတို့သိ‌နေတာပဲလေ။ အခုဟာကြီးက ရည်ရွယ်ချက်ရှိရှိကို ပြည်သူကို သတ်ဖြတ်တာလို့ပဲ ပြောရမယ်။ အခု ကျည်စထိမှန်တဲ့ ကလေးဆိုရင် ကထိန်ပွဲကို လာကူညီညာ လုပ်ကိုင်ဖို့ တခြားရွာကနေလာတဲ့ ဧည့်သည်ပါ။ သူတို့ပစ်ခတ်လို့ ဒဏ်ရာရသွားရတယ်။ ကျ‌နော် စကားကြမ်းကြမ်းနဲ့ ပြောရမယ်ဆိုရင် သာသနာကို ကိုးကွယ်စောင့်ရှောက်နေပါတယ် ဆိုတဲ့ မအလရဲ့ နမခ အတွင်းက ကျွန်များက လက်နက်ကြီး ၆ လုံး ကထိန်ပွဲကို ဘာကြောင့်ပစ်တာလဲ။ ပြည်သူကို အကြောက်တရားသွင်းတာက အသက်သေဆုံးသွားရင် အသက်က အပိုမပါဘူးဆိုတာ မသိနားမလည်တာလားလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ထန်းတောညောင်ကုန်းရွာဟာ ရွာချင်းဆက်နေတဲ့ ရွာတန်းရှည်ဖြစ်သလို အိမ်ခြေ ၂၆၀‌ ကျော် ရှိ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024