
တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ဖာနီရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၂ ရက် ည ၇ နာရီခွဲလောက်မှာ ဇဝဲအခြေစိုက် စစ်ကောင်စီရဲ့ ၅၅၆ တပ်ရင်းက ဖာနီရွာထဲကို လက်နက်ကြီးနဲ့ ၁၅ ချက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “လက်နက်ကြီးကျည်ဟာ လူနေအိမ်ပေါ် ကျတယ်။ ၆ ဦး ထိခိုက်ဒဏ်ရာရတယ်။ အမျိုးသမီးတဦး လက်ပြတ်သွားတယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၆ ယောက်ထဲမှာ ၅ ယောက်ကို မြိတ်ဆေးရုံ ပို့ဆောင်လိုက်ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက်ကလည်း စစ်ကောင်စီတပ်က ဇဝဲရွာအခြေစိုက် ၅၅၆ တပ်ရင်းကနေ ဖာနီရွာဘက်ကို အင်အား ၁၀၀ ကျော်လောက် စစ်ကြောင်းထိုးလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “လက်နက်ကြီးအပြင် မြေပြင်မှာရှိနေတဲ့ စစ်ကြောင်းက လက်နက်ငယ်တွေနဲ့ ဖာနီရွာထဲကို နယ်မြေရှင်းတဲ့သဘောနဲ့ ရမ်းသန်းပစ်ခတ်သေးတယ်” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်က ဘန်းလမွတ်ရွာကနေ ပြန်ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။




