
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာမှာ အောက်တိုဘာ ၂၂ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သားအမိ ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ လေးကေ့ကော်အနီး မင်းလက်ပံအနီးမှာ ဒီမနက် တိုက်ပွဲပြင်းထန် ဖြစ်ပွားပြီး စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ထိမှန်လို့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တယောက်နဲ့ သူ့ရဲ့ သမီးဖြစ်သူ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းမှာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီတပ်က ဝေဟင်နဲ့ မြေပြင် ပစ်ကူရယူပြီး စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးဖောက်ဝင်ရောက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လက်ရှိမှာ စစ်ကောင်စီက လေးကေ့ကော်မြို့သစ်ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီး အနီးနားက ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ပဟိကလော်၊ ထီးမယ်ဝါးခီး ကျေးရွာတွေဘက်ကို မနားတမ်း ထိုးစစ်ဆင်နေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စစ်ရေးသတင်းရင်းမြစ်က “နေရာတွေက တဖြည်းဖြည်းနဲ့ တိုးတိုးနေတယ်။ ကျနော်တို့ဘက်ကလည်း ခံနိုင်သလောက်တော့ ခံနေတယ်။ ဒီဘက်ကလည်း ရသေ့ဂူ၊ မင်းလက်ပံ ဟိုဘက်က အင်ကြင်းမြိုင်ကနေလည်း သွားတောင့်ထားတယ်။ ပြဿနာက ကျနော်တို့ ဘက်မှာကတော့ လတ်တလောမှာ လူအင်အား၊ လက်နက်အင်အားမှာ ကျနော့်တို့ဆီက မတိုးပွားဘူးလေ။ သူတို့ကတော့ အမြဲတမ်း ထပ်ဖြည့်ထပ်ဖြည့်နိုင်တဲ့ အားတခု သာနေတယ်။ ပွဲ(တိုက်ပွဲ)ကတော့ နေ့တိုင်း ထိတွေ့မှုတွေ ရှိနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မြဝတီ-ဝေါလေ လမ်းပိုင်းကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်းရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေ စစ်ရှောင်စခန်းတွေနဲ့ နီးလာရင် ထပ်မံ ထွက်ပြေးရဦးမယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ရှောင်တယောက်က “စစ်ကြောင်းရောက်ပြီဆိုရင်တော့ ရှောင်ရတာပေါ့။ ထပ်ပြီးပြေးရဦးမယ်။ အခုလည်း ပြေးတုန်း။ ကြောက်ရတာတော့ ကြောက်ရတာပေါ့။ သူတို့(စစ်တပ်)ကို တအားပိုကြောက်တယ်။ အဲဒီ လေယာဉ်ကတော့ တခါတခါ ဗုံးကြဲတာတွေ ရှိတယ်။ ဗုံးကြဲတော့ ကြည့်နေ ကြည့်ရှောင်ရတာပေါ့” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက် မနက်က လူငယ်အမျိုးသားတယောက်ကို စစ်တပ်က အင်ကြင်းမြိုင်ဘုန်းကြီးကျောင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မွန်းလွဲ ၁ နာရီကျော်လောက်က လေးကေ့ကော်ကနေ ဖလူးကျေးရွာဘက်ကို မောင်းနှင်းလာတဲ့ အရပ်သားယာဉ်ကို စစ်တပ်က စက်လက်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ယာဉ်မောင်းတ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အောင်ခန့် / ဖိုးစီ




