ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းကို တရားမဝင် အင်တာနက်/ဖုန်းလိုင်းတွေ လွှတ်ပေးနေတဲ့ တာဝါတိုင်စခန်းတခုကို တာဝန်ရှိသူတွေ သိမ်းဆည်း ဖြုတ်သိမ်း လိုက်တယ်လို့ ထိုင်းတော်ဝင်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု၊ နယ်မြေ ၉ ဆွိုင်းကဆစ်လမ်းထဲမှာ ပုဂ္ဂလိကပိုင် မိုဘိုင်ဖုန်း စခန်းတခုရှိပြီး အဲဒီကနေ မြန်မာဘက်ခြမ်းကို တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ လွှတ်ပေးနေ ကြောင်း သတင်းအရ ထိုင်းတပ်မတော် “လတ်ယ” စစ်ကြောင်းမှူး၊ ထိုင်းအမျိုးသား အသံလွှင့်နဲ့ ဆက်သွယ်ရေးကြေးနန်းကော်မရှင် NBTC အဖွဲ့ဝင်၊ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ထောင်းဖာဖုမ်းမြို့နယ်တရားရုံးရဲ့ ဝရမ်းစာနဲ့ ဖေဖော်ဝါရီ ၂၅ ရက်က သွားရောက်စစ်ဆေး အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ အဆိုပါ မိုဘိုင်ဖုန်းစခန်းဟာ အမှန်တကယ်ပဲ တဘက်နိုင်ငံ နယ်စပ်ဘက်ကို တရားမဝင် တယ်လီဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အားကောင်းစွာ လွှင့်ပေးနေတာကြောင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ဖျက်သိမ်းဖမ်းဆီးခဲ့ပါတယ်။
အဆိုပါပစ္စည်းတွေမှာ ဖုန်းတာဝါတိုင် ၄ တိုင်၊ Remote Radio Unit ၆ ယူနစ်၊ Lithium- ion battery ဘက္ထရီ ၃ ခု၊ Distribution power supply ၃ ခု နဲ့ ဝါယာကြိုးခွေတွေ ပါဝင်တယ်။
လောလောဆယ် ဆန်ခလပူရီရဲစခန်းမှာ အမှုဖွင့်ထားပြီး NBTC ကော်မရှင်ရုံးချုပ်ကို ဆက်လက် လွှဲအပ် သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနယ်စပ်ဘက်မှာ ကျားဖြန်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းတဲ့အနေနဲ့ ထိုင်းဘက်ခြမ်းမှ တရားဝင် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။
Source: Royal Thai Army





