Home
မြန်မာသတင်း
မြို့ ၂ မြို့က MPT နှင့် Mytel တာဝါတိုင် ဖျက်ဆီးခံရ၊ ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီး
DVB
·
September 27, 2021
242816096_1185624391931569_1213336201018625912_n

မကွေးတိုင်း မကွေးမြို့နဲ့ ရေစကြိုမြို့နယ်တို့မှာ စက်တင်ဘာ ၂၅ ရက်၊၂၆ ရက်နေ့တွေက MPT နဲ့  Mytel တာဝါတိုင်တွေ  ဗုံးဖောက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်၊ မအူတောင်ကျေးရွာအနီးက Mytel တာဝါတိုင် စက်တင်ဘာ ၂၆ ရက်နေ့ည ၈ နာရီဝန်းကျင်လောက်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ကျေးရွာသားဒေသခံတဦးက “ရွာကနေအသံကြားလိုက်ရပြီး အဲ့ဒီ Mytel တာဝါတိုင်မှာ မီးလောင်နေတာမြင်တာပဲ။ တိုင်ကြီးကတော့ မလဲဘူး။ အောက်ခြေက စက်ခန်းမှာ မီးလောင်တာ လှမ်းမြင်ရတာ” လို့ ပြောပါတယ်။

အဆိုပါ Mytel တာဝါတိုင်ကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO-PDF) က ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဗုံးပေါက်ကွဲပြီး ည ၉ နာရီဝန်းကျင်လောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေပါတဲ့ မော်တော်ယာဉ် ၁ စီး မအူတောင်ကျေးရွာဘက် ထွက်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေစကြိုမြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ မိသားစုနဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်တဲ့ Mytel တာဝါတိုင်ပေါင်း ၂၀ နီးပါး ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးမြို့၊ ကန်သာ ၁၈ လမ်းက MPT တာဝါတိုင်မှာလည်း စက်တင်ဘာ ၂၅ ရက်နေ့၊ မနက်ပိုင်းက ဗုံးပေါက်ကွဲပြီး လမ်းခင်းနေတဲ့ လမ်းလုပ်သားနဲ့ လမ်းအတွင်းနေထိုင်ကြတဲ့ ဒေသခံပြည်သူအယောက် ၅၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိပါတယ်။

လမ်းအတွင်းနေသူတဦးက "လမ်းလုပ်သားတွေကို အရင်ဖမ်းပြီး ၁၈ လမ်းအတွင်းက ယောက်ျားမှန်သမျှ ဖမ်းတယ်။ ထပ်ပြီးတော့ အသက် ၁၈ နှစ်ကျော်တဲ့ ယောက်ျား၊ မိန်းမ အကုန်ဖမ်းသွားတာ။ တချို့ဆို မိသားစုလိုက်ပါသွားတာ အခုထိပြန်မလွှတ်သေးဘူး။ အယောက် ၅၀ ကျော်လောက်တယ်” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေပါဝင်ပြီး အပြစ်မဲ့ပြည်သူအားလုံး ပြန်မလွှတ်သေးတဲ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့နှိပ်စက်ခံရမှာကို ဆွေမျိုးသားချင်းတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

အဆိုပါ တာဝါတိုင်ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး No Chair ပြောက်ကျားတပ်ဖွဲ့ကပြုလုပ်ခဲတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013