Home
မြန်မာသတင်း
မိုးကုတ်တွင် Mytel ဆင်းကတ် ကျပ် ၄၀,၀၀၀ အထိ ဈေးမြင့်တက်
DVB
·
July 11, 2024

တိုက်ပွဲတွေပြင်းထန်နေတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဖုန်းအော်ပရေတာတွေထဲက Mytel ဖုန်း ဆင်းကတ်တမျိုးသာ ရတော့တာကြောင့် ဈေးနှုန်းတွေ တကတ်ကို ကျပ် ၄၀၀၀၀ လောက်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အသုံးပြုရတာတွေလည်း ကန့်သတ်ချက်တွေရှိလာကာ ဖုန်းလိုင်းဆိုရင်  Mytel ဆင်းကတ်တမျိုးသာ အသုံးပြုလို့ရတော့တာကြောင့် ဆင်းကတ် တန်ကြေးတွေကလည်း ဈေးနှုန်းမြင့်တက်နေတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ခြမ်းက ဒေသခံတဦးက “ဖုန်းလိုင်းတွေက တော်တော်မကောင်းတော့တာ။  Mytel တမျိုးပဲ ရတော့တယ်။  Mytel တောင် ဖုန်းခေါ်ရင် ပြတ်တောက် ပြတ်တောက် ဖြစ်နေတာ။ မတတ်သာတဲ့အဆုံး Mytel  ပြောင်းထည့်ထားရတယ်။ ဈေးကလည်း တကတ်ကို ၄၀,၀၀၀ ။ E ဆင်းကတ်ဆိုရင် ၈၀,၀၀၀ အထိ ပေးရတယ်။ ဝိုင်ဖိုင်တွေကလည်း ဈေးတွေတိုးကောက်နေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့အတွင်း စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေကာ မီးစက်နှိုးပြီး ဝိုင်ဖိုင်ပေးရတဲ့ အခြေအနေတွေကလည်း ရက်ပိုင်းလောက်အထိသာ ပေးနိုင်တော့တာကြောင့် အင်တာနက်ပြတ်တောက်မှုနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ မိုးကုတ်မြို့ခံတွေက ဆိုပါတယ်။

မိုးကုတ်အရှေ့ခြမ်း၊ ပတ္တမြားရပ်ကွက် ဒေသခံတဦးက “MPT အင်တာနက်လိုင်းတွေလည်း မရတော့ဘူး။ အစက Atom က ရသေးတယ်။ ဒီရက်ထဲမှာ အဲဒါပါ မရတော့ဘူး။ တိုက်ပွဲတွေလည်း အရမ်းဖြစ်နေတယ်။ လက်နက်ကြီးသံတွေကလည်း တအုံးအုံးနဲ့၊ မိုးကုတ်မြို့ခံတွေ တော်တော်ဒုက္ခရောက်နေကြတယ်။ နောက်တပတ်အတွင်း အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေရင်တော့ မိုးကုတ်မှာ ရိက္ခာလည်းပြတ်လောက်ပြီ” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ မိုးကုတ်မြို့ရဲ့ အနောက်ခြမ်းကို ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပေမဲ့ မိုးကုတ်မြို့အနောက်ခြမ်းနဲ့ အရှေ့ခြမ်းအစပ်မှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ်နားအထိ တိုက်ပွဲတွေ ရောက်လာပြီလို့ မိုးကုတ်မြို့ခံတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013