အမေရိကန်တည်ဆောက်တဲ့ F-16 တိုက်လေယာဉ်တွေရဲ့ ပထမအသုတ်ကို ဒိန်းမတ်နဲ့ နယ်သာလန်တို့ကနေ ယူကရိန်းကို လွှဲပြောင်းပေးနေပြီဖြစ်ပြီး ဒီဂျက်လေယာဉ်တွေဟာ ရုရှားရဲ့ ရန်စမှုတွေကို ထိထိရောက်ရောက် ခုခံကာကွယ်နိုင်ဖို့ အခု ဒီနွေရာသီမှာ ယူကရိန်းကောင်းကင်ယံမှာ ပျံသန်းနေလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။
ယူကရိန်းအတွက် အားကောင်းတဲ့ ပက်ကေ့ခ်ျကို လာမယ့်ရက် အနည်းငယ်အတွင်း ထုတ်ဖော်ပြသသွားမှာဖြစ်ပြီး ယူကရိန်း NATO အဖွဲ့ဝင်ဖြစ်ဖို့အတွက် ရှင်းလင်းခိုင်ခံ့တဲ့ ပေါင်းကူးတခုကို တည်ဆောက်သွားမှာ ဖြစ်ကြောင်းလည်း ဘလင်ကန်က ဝါရှင်တန်ရှိ NATO ထိပ်သီးအစည်းအဝေးရဲ့ ဘေးထွက်အစီအစဉ်မှာ ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ပြောသွားပါတယ်။
နော်ဝေကလည်း ရုရှားလေကြောင်းတိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့အတွက် ယူကရိန်းကို F-16 တိုက်လေယာဉ် ၆ စီး လှူဒါန်းမှာဖြစ်ကြောင်း ဝါရှင်တန်မှာ ပြုလုပ်နေတဲ့ ထိပ်သီးအစည်းအဝေးမှာ NATO ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ဇူလိုင် ၁၀ ရက်မှာ နော်ဝေအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
F-16 တိုက်လေယာဉ်တွေကို ၂၀၂၄ ခုနှစ်မှာ စတင်ပို့ဆောင်ဖို့ စီစဉ်ထားကြောင်း နော်ဝေ ဝန်ကြီးချုပ် ယိုနာ့စ်ဂါး စတိုအီရားက ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်ဟာ စုစုပေါင်း ဂျက်လေယာဉ် ၁၉ စင်း လှူဒါန်းဖို့ ကတိပြုထားပြီး နယ်သာလန်ကလည်း လေယာဉ် ၂၄ စီး ပေးအပ်မယ်လို့ ကတိပြုထားတာပါ။
နှစ်နိုင်ငံစလုံးဟာ ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ရဲ့ နောက်ကွယ်ကနေ တွန်းအားတွေ ပေးနေတာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားကျူးကျော်လာပြီးကတည်းက NATO အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေဟာ ယူကရိန်းကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် အကူအညီအသစ်တွေ ပေးအပ်ဖို့ အဆင်သင့် ပြင်ထားကြတာပါ။
စစ်ပွဲလမ်းကြောင်းကို ပြောင်းလဲသွားဖို့ မျှော်လင့်နေတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကလည်း အဖွဲ့ဝင် ၃၂ ဦးပါ မဟာမိတ်အဖွဲ့တွေကနေ လက်နက်နဲ့ ငွေတွေ ပိုမိုပေးပို့ပြီး လုံခြုံရေး အာမခံချက်ပေးဖို့ လိုလားနေပါတယ်။
F-16 တိုက်လေယာဉ်တွေမှာ 20mm အမြောက်တပ်ဆင်ထားပြီး ဗုံးတွေ၊ ဒုံးပျံတွေနဲ့ ဒုံးကျည်တွေကို သယ်ဆောင်နိုင်ပြီး သူ့ရဲ့ချေမှုန်းနိုင်စွမ်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ရရှိ အသုံးပြုနိုင်မှုတို့ကြောင့် ယူကရိန်းက လိုချင်နေတဲ့စာရင်းထဲမှာ အချိန်အတော်ကြာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
Source-Reuters