မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပြည်သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကို ရုပ်ရှင်အနုပညာအဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ DVB Peacock Film Festival 2025 ရဲ့ မှတ်တမ်းရုပ်ရှင်ပြပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့က VEGA ရုပ်ရှင်ရုံမှာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၅ နာရီက ပြသခဲ့ပါတယ်။
The Unbroken Spirits of 1027၊ Fragment of Witness၊ Only Breath of Rakhine နဲ့ The Middle Land of the Displaced စတဲ့ ဇာတ်ကား ၄ ကားကို ပြသခဲ့ပါတယ်။
မှတ်တမ်းရုပ်ရှင်ပြပွဲကို အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း (ခ) ကင်မ်အဲရစ် အပါအဝင် မြန်မာ့အရေးစိတ်ဝင်စားတဲ့ နော်ဝေနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတချို့ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ နိုင်ငံတကာကို ကိုထိန်လင်းက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
မှတ်တမ်းရုပ်ရှင်ပြပွဲအပြီးမှာ DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်၊ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်၊ ဆွီဒင်အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဂျနီဟတ်စထရွမ်၊ အော်စလိုတက္ကသိုလ်မှ ပါမောက္ခ ခရစ္စတီယန်စတော့ခ်တို့က မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို မမေ့လျော့ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဦးအေးချမ်းနိုင်က "ကျနော်တို့က သနားစာနာဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့က မမေ့ကြဖို့ပဲ တောင်းဆိုနေတာပါ။ ဒါက နှစ်တိုင်း ကျနော်တို့ လုပ်ဖို့ ကြိုးစားနေတဲ့ အရာပါ။ ဒါပေမဲ့ ဒါလောက်နဲ့ လုံလောက်မယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အခုခေတ်မှာ ခင်ဗျားတို့ရဲ့ မီဒီယာတွေမှာ မြန်မာနိုင်ငံအကြောင်း ဘာမှမတွေ့ရတော့လို့ပါ။ နော်ဝေမှာတင် မဟုတ်ပါဘူး၊ အနောက်ကမ္ဘာတခုလုံးနဲ့ အမေရိကန်မှာပါ မတွေ့ရတာပါ။ ပြီးတော့ လူတွေက အခြေအနေတွေ အဆင်ပြေနေပြီပဲဆိုပြီး မေ့သွားတတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အခု ခင်ဗျားတို့ တီဗီတွေမှာ ယူကရိန်း ဒါမှမဟုတ် ဂါဇာအကြောင်း နေ့တိုင်း တွေ့နေရသလိုမျိုးပဲ၊ မြန်မာနိုင်ငံမှာလည်း အဲဒီလိုပဲ နေ့တိုင်း ဖြစ်ပျက်နေတာပါ။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ရွာတွေ မီးရှို့ခံရတာတွေ၊ လူတွေ သတ်ဖြတ်ခံရတာတွေကို ကျနော်တို့ နေ့တိုင်း သတင်းပို့နေပါတယ်။ လွန်ခဲ့တဲ့ ၂ လက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က ဆေးရုံတရုံမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၇၀ သေဆုံးခဲ့ရပါတယ်။ ဥပမာ - ယူကရိန်းမှာသာ အဲဒီလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင် သတင်းခေါင်းစဉ်ကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ (မြန်မာနိုင်ငံအကြောင်းကိုတော့) ခင်ဗျားတို့ မတွေ့ရပါဘူး။ နောက်ဆုံး အချက်တချက် ပြောချင်ပါတယ်။ ဒီစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားနေ တာပါ။ ဒါက တခြားနေရာတွေနဲ့ အရမ်းကွာခြားတဲ့ အချက်ပါ။ သူတို့က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး၊ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး နေ့တိုင်း သတ်ဖြတ်နေတာပါ”လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ကင်မ်အဲရစ် ကလည်း နော်ဝေနိုင်ငံအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေအပြင်၊ ဒီထက်ပိုပြီး ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ပေးဖို့ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပါတယ်။
ကင်မ်အဲရစ်က "နော်ဝေနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး အများကြီး လုပ်ပေးနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ နှစ်နိုင်ငံ (တိုက်ရိုက်) အကူအညီမပေးဖို့ အကြောင်းပြချက် မရှိပါဘူး။ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို ဆိုလိုတာပါ။ အချိန်တန်ပါပြီ။ စစ်တပ်မှာ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့လို တခြားနိုင်ငံတွေဆီက ရနိုင်သမျှ အကူအညီတွေ အားလုံး ရှိနေပါတယ်။ မြန်မာပြည်သူတွေကလည်း သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသခဲ့ပြီးပါပြီ။ သူတို့ဖာသာသူတို့ လုပ်နိုင်တယ်ဆိုတာ ပြသခဲ့ပြီးဖြစ်သလို၊ သူတို့ဖာသာသူတို့ပဲ ဆက်လုပ်သွားကြမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံပြင်ပက လူတွေကသာ စတင်ကူညီပေးမယ်ဆိုရင် ကျနော်တို့အနေနဲ့ ဆင်းရဲဒုက္ခခံစားရမှုတွေကို အများကြီး လျှော့ချနိုင်မှာပါ”လို့ ပြောပါတယ်။
ဒီရုပ်ရှင်ပြပွဲနဲ့ ဆွေးနွေးပွဲကို နော်ဝေရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေး စိတ်ဝင်စားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အခုပြသခဲ့တဲ့ ဇာတ်ကားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ DVB ရဲ့ Peacock Film Festival 2025 ကနေ ဆုရရှိခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တွေဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း အမှန်တရားအတွက် စွန့်စားရိုက်ကူးထားတဲ့ DVB Peacock Film Festival 2025 ကို နော်ဝေနိုင်ငံအပြင် ထိုင်းနိုင်ငံ၊ ဩစတြေးလျ၊ ဆွီဒင်၊ အမေရိကန် အပါအဝင် နိုင်ငံတကာမှာ လည်း ပြသခဲ့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
အောင်ကျော်











