
အီတလီနိုင်ငံမှာ ကျင်းပတဲ့ မီလန်နိုကော်တီနာ ၂၀၂၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ နော်ဝေဟာ အိမ်ရှင်အီတလီထက် ရွှေတံဆိပ် ၁၂ ခု အပါအဝင် ဆုတံဆိပ် ၂၇ ခုနဲ့ ဦးဆောင်နေပါတယ်။
နော်ဝေနိုင်ငံဟာ ၂၀၁၄ ခုနှစ် ဆိုချီအိုလံပစ်ပြိုင်ပွဲကတည်းက ဆုတံဆိပ်တွေကို အဆက်မပြတ် ဦးဆောင်နေခဲ့ပြီး အရင်အိုလံပစ်ပြိုင်ပွဲတွေမှာလည်း ရမှတ်ကောင်းတွေ ရခဲ့ပါတယ်။
ဆောင်းရာသီအိုလံပစ်မှာ နော်ဝေရဲ့ ထူးခြားတဲ့ တသမတ်တည်းရှိမှုဟာ ဆယ်စုနှစ်များစွာကြာနေတဲ့ ယဉ်ကျေးမှုတရပ်ကနေ ပေါက်ဖွားလာတာဖြစ်ပြီး ကလေးတွေရဲ့ ပျော်ရွှင်မှု၊ အားကစားမှာ တန်းတူ အခွင့်အရေးနဲ့ မျှဝေကျွမ်းကျင်မှုတွေကို မြန်ဆန်တဲ့ရလဒ်တွေထက် ဦးစားပေးခဲ့လို့ ဖြစ်တယ်လို့ နိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တိုရေအိုဗရေဘိုးက ဖေဖော်ဝါရီ ၁၆ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“လျှို့ဝှက်ချက်က ဘာလဲဆိုတာကို ပြောဖို့ မလွယ်ပါဘူး။ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းကို ဘယ်လိုစီစဉ်ထားလဲ ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ ကျနော်တို့က ချမ်းသာကြွယ်ဝမှုကို ဖြန့်ဝေပေးပါတယ်။ ဒါကြောင့် ကလေးတွေ အားကစားမှာ ပါဝင်ဆင်နွှဲနိုင်ပြီး မိဘတွေကလည်း ကလေးတွေနဲ့အတူ အားကစားလုပ်ဖို့ အချိန်အတော်ကြာ အချိန်ရပါတယ်။”
နော်ဝေရဲ့မော်ဒယ်က ကလေးတွေကို အနိုင်ရဖို့ ဖိအားပေးမဲ့အစား သူတို့ရဲ့အပျော်ကို ကာကွယ်ခြင်းအားဖြင့် အားကစားမှာ ဆက်ရှိနေစေဖို့ ဒီဇိုင်းထုတ်ထားတာလို့လည်း ပြောပါတယ်။
နော်ဝေဟာ ကလေးတွေကို အားကစားမျိုးစုံ ကစားဖို့၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်အောင် အားပေးပါတယ်။
တိုရေအိုဗရေဘိုးက “နော်ဝေမှာ အားကစားလုပ်ရတဲ့ အဓိကအချက်က ကောင်းမွန်တဲ့ဘဝကို ဦးဆောင်ဖို့ပါ။ ဒါကြောင့် တိကျ၊ ရည်ရွယ်ချက်ရှိတဲ့ ရည်မှန်းချက်တခု အောင်မြင်ဖို့ ကြွက်သားလှုပ်ရှားမှုတွေကို ထိန်းချုပ်၊ ညှိနှိုင်း၊ လုပ်ဆောင်ခြင်း စွမ်းရည်၊ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ စတင်သင်ယူပြီးရင် ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်မှာ ခန္ဓာကိုယ်ကို ဘယ်လိုသုံးရမလဲဆိုတာ သင်ယူရပါမယ်” လို့ ဆက်ပြောပါတယ်။
၁၉၈၈ ခုနှစ်ကတည်းက ထိပ်တန်းအားကစား စနစ်ကို ပုံဖော်ပေးခဲ့တဲ့ နည်းပြတွေနဲ့ အဖွဲ့ချုပ်တွေကြား ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံတည်ဆောက်ထားတဲ့ ကောလိပ်အားကစားစနစ်က နော်ဝေရဲ့ အောင်မြင်မှုကို အားဖြည့်ပေးတယ်လို့ အိုဗရေဘိုးက ထပ်ပြောခဲ့ပါတယ်။
နိုင်ငံက အရမ်းသေးငယ်တဲ့အတွက် တယောက်နဲ့တယောက် သိကျွမ်းလာကြတယ်။ စျေးကြီးတဲ့ ဆောင်းရာသီ အားကစားတွေမှာတောင် နော်ဝေက မိသားစုအားလုံးအတွက် ပါဝင်နိုင်အောင် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။
“ကျနော်တို့မှာ ကြီးမားတဲ့ အသုံးပြုပြီးသား ပစ္စည်းဈေးကွက် ရှိတယ်၊ ဒီကိုရောက်လာတဲ့ အားကစားသမား တော်တော်များများက အတော်လေးကောင်းတဲ့ ပစ္စည်းတွေကို ငယ်ငယ်တည်းက သုံးခဲ့ကြပါတယ်။”
ဒီပြိုင်ပွဲမှာ နော်ဝေဟာ ဆုတံဆိပ် ၃၅ ခု ပစ်မှတ်ထားထားပြီး အားကစားသမားတွေကို ယုံကြတယ်လို့လည်း ပြောပါတယ်။
Source: Reuters


