
နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မင်းသား ဟာကွန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း သူ့မိသားစုအတွက် ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရကြောင်းနဲ့ လက်ရှိမှာ မိသားစုဝင်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့က အရေးကြီးဆုံးပါလို့ ဖေဖော်ဝါရီ ၆ ရက်မှာ ပြောပါတယ်။
အိမ်ရှေ့မင်းသား ဟာကွန်းရဲ့ တရားဝင် တော်ဝင်ခရီးစဉ်တခု အတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောသွားတာဖြစ်ပါတယ်။
နော်ဝေတော်ဝင်မိသားစုအတွင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ အိမ်ရှေ့မင်းသား ဟာကွန်းရဲ့ ဇနီးဖြစ်သူ အိမ်ရှေ့မင်းသမီး မက်ထာ မာရိထ်ဟာ ကွယ်လွန်သူ လိင်အရှုပ်တော်ပုံ ရာဇဝတ်ကောင် ဂျက်ဖရီအက်ပ်စတိုင်းန်နဲ့ အရင်က မိတ်ဆွေဖြစ် ခင်မင်ရင်းနှီးခဲ့မှုလည်း ပါဝင်ခဲ့ပြီး သောကြာနေ့က အဲဒီကိစ္စအပေါ် ထပ်မံတောင်းပန်ခဲ့ပါတယ်။
ဒါ့အပြင် အိမ်ရှေ့မင်းသား ဟာကွန်းနဲ့ မတွေ့ဆုံခင်က မွေးဖွားထားတဲ့ မက်ထာ မာရိထ်ရဲ့ အသက် ၂၉ နှစ်အရွယ် သားဖြစ်သူ မာရီးယပ်စ်ဟာ ဒီအပတ်အတွင်းမှာ မုဒိမ်းမှု၊ အိမ်တွင်း အကြမ်းဖက်မှု၊ တိုက်ခိုက်မှု အပါအဝင် အမှုများစွာနဲ့ တရားရုံးမှာ အမှုစစ်ဆေးခံနေရပါတယ်။
အိမ်ရှေ့မင်းသမီးရဲ့ အရင်အိမ်ထောင်ဟောင်းမှ သားဖြစ်သူ မာရီးယပ်စ်ကို လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေမှာ ထောက်ခံ ပံ့ပိုးနေသလို တခြားကလေးတွေကိုပါ ဂရုစိုက်နေရပြီးတော့ အိမ်ရှေ့မင်းသမီး မက်ထာ မာရိထ်ကိုလည်း စောင့်ရှောက်ပေးဖို့ လိုအပ်နေပါတယ်လို့ အိမ်ရှေ့မင်းသား ဟာကွန်းက ပြောပါတယ်။
အိမ်ရှေ့မင်းသမီးအနေနဲ့ လူထုကို ဖြေရှင်းချက်ပေးချင်ပေမဲ့ လောလောဆယ်မှာတော့ စိတ်တည်ငြိမ်အောင် အချိန်ယူနေရတဲ့အတွက် ခွင့်မပြုသေးတာဖြစ်ကြောင်း၊ အချိန်တန်ရင်တော့ သူကိုယ်တိုင် ပြောကြားလာမှာဖြစ်ကြောင်း မင်းသားက ရှင်းပြခဲ့ပါတယ်။
အိမ်ရှေ့မင်းသမီးဟာ နာတာရှည် အဆုတ်ရောဂါခံစားနေရသူဖြစ်ပြီး မကြာခင်မှာ အဆုတ်အစားထိုး ကုသမှုခံယူဖို့ လိုအပ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။
Source: Reuters


