
မီလန်နို ကော်တီနာ ဆောင်းရာသီအိုလံပစ်အတွင်း အဓိကနေရာတွေတဝိုက်ကို အာဏာပိုင်တွေက လုံခြုံရေး တင်းကျပ်ထားချိန်မှာ အီတလီစစ်တပ်က တပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ ကော်တီနာ ဒီအမ်ပက်ဇိုရဲ့ လမ်းတွေပေါ်မှာ ဒရုန်းတိုက်ဖျက်ရေးနည်းပညာနဲ့ ကင်းလှည့်ခဲ့ကြပါတယ်။
အီတလီလေတပ်ရဲ့ လေယာဉ်ပစ်အမြောက်တပ်က စစ်သားတွေဟာ အက်ကွာတိုရီ ဂျမ်မာ သေနတ်တွေကို ကိုင်ဆောင်ပြီး မြို့ရဲ့ လမ်းလျှောက်ဇုန်ကို ဖြတ်သန်းသွားလာနေတာကို တွေ့ရပါတယ်။
ဒရုန်းတွေက ခွင့်ပြုချက်မရှိဘဲ ကန့်သတ် လေပိုင်နက်ထဲဝင်တာကနေ ကာကွယ်ရာမှာ ရဲတပ်ဖွဲ့ကို သူ့အဖွဲ့တွေက ပံ့ပိုးကူညီနေတယ်လို့ အီတလီ လေတပ် ပွဲထိန်းအရာရှိ ဒန်နီရယ် ရစ်ချီက ပြောပါတယ်။
ဂျမ်မာဟာ ဒရုန်းရဲ့ ရေဒီယိုချိတ်ဆက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အဲဒီဒေသထဲမှာ အပျက်အစီးမရှိဘဲ ပျံတက်ရာနေရာဆီ ပြန်သွားဖို့ ဖိအားပေးတယ်လို့ ရစ်ချီက ရှင်းပြခဲ့ပါတယ်။
အာဏာပိုင်တွေက အားကစားသမားတွေကို ရုပ်သံရိုက်ကူးဖို့သုံးတဲ့ စွမ်းရည်မြင့် FPV ဒရုန်းတွေကိုလည်း စောင့်ကြည့်နေကြပါတယ်။
ခွင့်ပြုထားတဲ့ ဒရုန်းတွေအတွက် ပျံတက်ရာနဲ့ ဆင်းသက်ရာဇုန်တွေကို ညှိနှိုင်းပြီး ခြေရာခံနေတယ်လို့လဲ ရစ်ချီက ပြောခဲ့ပါတယ်။
Photo:Reuters


