အီတလီနိုင်ငံ၊ ဗီရိုနာမြို့မှာ မီလန်ကော်တီနာ ၂၀၂၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်က တခမ်းတနား ကျင်းပခဲ့ပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ လူဦးရေ ၅ သန်း ၇ သိန်းသာရှိတဲ့ နော်ဝေနိုင်ငံက ရွှေတံဆိပ် ၁၈ ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၄၁ ခုနဲ့ ၄ ကြိမ်ဆက်တိုက် ဆုတံဆိပ် ဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
နော်ဝေဟာ ဆောင်းရာသီအိုလံပစ်အားကစားမှာ သူ့ထက် လူဦးရေပိုများ၊ အင်အားကြီးတဲ့ အမေရိကန် (လူဦးရေ ၃၄၂ သန်း)၊ တရုတ် (၁ ဒသမ ၄ ဘီလီယံ)၊ ဂျာမနီ (၈၄ သန်း)၊ အိမ်ရှင်အီတလီ (၅၉ သန်း) နဲ့ ကနေဒါ (သန်း ၄၀) တို့အပေါ် အသာရခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ရုရှား၊ ၂၀၁၈ ခုနှစ် တောင်ကိုရီးယားနဲ့ ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတို့မှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်တွေမှာလည်း နော်ဝေကပဲ ဆက်တိုက် ဆုတံဆိပ်အများဆုံး ရခဲ့တာပါ။
နော်ဝေရဲ့ နှင်းလျှောစီးကစားသမား ယိုဟန်းနက်စ် ဟော့စ်ဖလော့တ် ကလဲဘို တယောက်တည်းကတင် ရွှေတံဆိပ် ၆ ခုအထိ စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရာသီဥတုအေးပြီး ချမ်းသာတဲ့နိုင်ငံဖြစ်တာက အားသာချက်ဖြစ်ပေမဲ့ နော်ဝေနိုင်ငံရဲ့ ထူးခြားချက်ကတော့ တခြား အင်အားကြီးနိုင်ငံတွေလို လူငယ်အားကစားတွေမှာ ယှဉ်ပြိုင်မှုနဲ့ အထူးပြုဆောင်ရွက်မှုမျိုးကို ဦးစားမပေးဘဲ ပျော်ရွှင်ဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့ကို ဦးစားပေးတာ ဖြစ်ပါတယ်။
အသက် ၁၂ နှစ်အောက် ကလေးတွေရဲ့ အားကစားပွဲတွေမှာ ရလဒ်ကို မှတ်တမ်းတင်တာမျိုး မရှိပါဘူး။
အမေရိကန်က ဒုတိယနေရာမှာ ရွှေ ၁၂ ခုနဲ့ ရပ်တည်ခဲ့ပြီး ဘရာဇီးကလည်း တောင်အမေရိကတိုက်အတွက် ပထမဆုံး ဆောင်းရာသီအိုလံပစ် ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြိုင်ပွဲမှာ ယူကရိန်းကစားသမားတယောက် စစ်ပွဲဆန့်ကျင်ရေး သရုပ်ဖော်ထားတဲ့ ဦးထုပ်ဆောင်းခဲ့လို့ ပြိုင်ပွဲကနေ ပယ်ဖျက်ခံရတဲ့ အငြင်းပွားဖွယ်ရာတွေလည်း ရှိခဲ့ပါတယ်။
ရုရှားကစားသမားတွေကိုတော့ နိုင်ငံကိုယ်စားပြုခွင့်မပေးဘဲ တသီးပုဂ္ဂလ အနေနဲ့သာ ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။
လာမဲ့ ၂၀၃၀ ပြည့်နှစ် ဆောင်းရာသီအိုလံပစ်ကိုတော့ ပြင်သစ် အယ်လ်ပ်တောင်တန်းဒေသမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source / Photo: Reuters

























