Home
သတင်းဓာတ်ပုံ
၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ နော်ဝေနိုင်ငံ၊  မြို့ကြီး ၇ မြို့တွင် ကျင်းပ
DVB
·
February 22, 2026

နော်ဝေနိုင်ငံကို ရောက်ရှိနေကြတဲ့ ချင်းတိုင်းရင်းသားတွေ စုပေါင်းပြီး ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်က အော်စလို၊ ဖရိုလန်း၊ ဟာမား အပါအဝင် မြို့ကြီး ၇ မြို့မှာ ကျင်းပခဲ့ကြပါတယ်။

အောင်ဆန်းစုကြည်ပန်းခြံရှိတဲ့ နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့ကို နော်ဝေရောက် ချင်းတိုင်းရင်းသား ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ ချင်းအမျိုးသား ခေါင်းဆောင်ကြီးတွေနဲ့ အသက်ပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုအလေးပြုတာတွေ၊ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် မဟာမိတ်အဖွဲ့အစည်း အသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။

​အခမ်းအနားဖွင့်ပွဲမှာ ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ကိုထန်းခွီရှင်းက “လူမျိုးကြီးတွေက လူမျိုးငယ်လေးတွေကို ဝါးမျိုပြီး ပျောက်ကွယ်ဖို့ လွယ်ကူတဲ့ ခေတ်သစ်ကမ္ဘာကြီးမှာ၊ ချင်း ဆိုတဲ့ ကိုယ်ပိုင်လက္ခဏာကို မပျောက်ပျက်အောင် ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်တာဟာ အင်မတန်ဂုဏ်ယူစရာကောင်းပြီး လက်ရှိ နွေဦးတော်လှန်ရေးကနေတဆင့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး တန်းတူညီမျှတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုသစ်နဲ့ အနာဂတ် ချင်းပြည်နယ် အမြန်ဆုံးပေါ်ပေါက်လာဖို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်” လို့ အမှာစကားမှာ ထည့်သွင်း ပြောပါတယ်။

အော်စလိုမြို့မှာရှိတဲ့ ချင်းအဖွဲ့အစည်းက ဦးစီးကျင်းပတဲ့ အခမ်းအနားကို Myanmar (CRPH) Support Group, Norway က အထွေထွေအတွင်းရေးမှူး မဝတ်မှုန် တက်ရောက်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့တာမှာ ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုရုံတင်မကဘဲ အနာဂတ် ချင်းပြည်နယ် ပြန်လည်တည်ဆောက်ရေးနဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် လူငယ်တွေအနေနဲ့ ဆက်လက်ဝိုင်းဝန်း ပံ့ပိုးပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပွဲတော်အတွင်းမှာ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဟောပြောတာ၊ ဖလမ်းရိုးရာနဲ့ တေးသီချင်းတွေအပြင် K'Cho ရိုးရာဗုံမောင်းတီးခတ်တာတွေနဲ့ ဖက်ရှင်ရှိုးပြသတာတွေကို စည်ကားသိုက်မြိုက်စွာ တင်ဆက်ခဲ့ကြပါတယ်။

ညနေပိုင်းမှာတော့ တက်ရောက်လာသူတွေအားလုံး ညနေစာ အတူတကွသုံးဆောင်ကြပြီး၊ ဖလမ်းရိုးရာ ကစားပြိုင်ပွဲ၊ ပိုက်ဆံကောက်ပြိုင်ပွဲနဲ့ Kahoot အမေးအဖြေပြိုင်ပွဲတွေကို ပျော်ပွဲရွှင်ပွဲအနေနဲ့ ကျင်းပခဲ့ကြကာ နောက်ဆုံးမှာတော့ 'ချင်းတောင်တန်းမှ ကြိုဆိုလျက်' သီချင်းကို စုပေါင်းသီဆိုခဲ့ပါတယ်။

အောင်ကျော်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013