
လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ အဂတိမှုတွေ တစုတစည်းတည်း ပါဝင်နေတဲ့ အရှေ့တောင်အာရှက ကျားဖြန့်ဂိုဏ်းတွေကိုဖြိုခွင်းဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အေးဂျင့်တွေကိုလည်း စေလွှတ်ထားတယ်လို့ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အဆင့်မြင့်အရာရှိက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ FBI ရဲ့ နိုင်ငံတကာစစ်ဆင်ရေးဌာနခွဲ ဒုတိယ လက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှယ်လ်ဘီက ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာပါ။
သူ့အနေနဲ့ ငွေလိမ်စခန်းတချို့ကို ကိုယ်တိုင်သွားကြည့်ခဲ့ကြောင်းနဲ့ လက်ရှိမှာတော့ FBI အေးဂျင့်တွေကို ထိုင်းရဲတပ်ဖွဲ့ဆီ စေလွှတ်ထားကြောင်းပြောပြီး ဒါဟာ ဘယ်နိုင်ငံတခုတည်းကမှ တဦးတည်း မတိုက်ဖျက်နိုင်တဲ့ ဒေသတွင်း ပြဿနာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒ့ါအပြင် FBI အနေနဲ့ ဒီရာဇဝတ်ဂိုဏ်းတွေ ဘယ်နေရာမှာပဲရှိရှိ ပြင်းပြင်းထန်ထန် လိုက်လံ နှိမ်နင်းသွားမယ်လို့ FBI နိုင်ငံတကာစစ်ဆင်ရေးဌာနခွဲ ဒု-လက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှယ်လ်ဘီက ပြောပါတယ်။
“ဒါဟာ ဆိုက်ဘာရာဇဝတ်မှုသက်သက် မဟုတ်တော့ပါဘူး။ ဒါဟာ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ အဂတိလိုက်စားမှုတွေ အားလုံး တစုတစည်းတည်း ပါဝင်နေတဲ့ ဂိုဏ်းဖွဲ့ရာဇဝတ်မှု ဖြစ်ပါတယ်။ ဒီငွေလိမ်စခန်းတွေကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ဖို့ဆိုရင် အဲဒီလိုပဲ စုပေါင်းညှိနှိုင်းတဲ့ နည်းလမ်းမျိုး လိုအပ်ပါလိမ့်မယ်။ ဒီရာဇဝတ်ဂိုဏ်းတွေဟာ ဥပဒေတွေ ဒါမှမဟုတ် ပထဝီဝင် နယ်နိမိတ်တွေကို ဂရုမစိုက်ကြပါဘူး။ သူတို့ဟာ နိုင်ငံအသီးသီးရဲ့ ဥပဒေတွေကို အခွင့်ကောင်းယူပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရသလို လုပ်ဆောင်နေကြတာပါ။”
မြန်မာအပါအဝင် အရှေ့တောင်အာရှက နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေဟာ ဒီရာဇဝတ်မှုကို စက်မှုလက်မှု လုပ်ငန်းကြီးတခုပုံစံ အတိုင်းအတာအထိ ချဲ့ထွင်လုပ်ကိုင်နေတယ်လို့လည်း သူက ပြောပါတယ်။
ဒီလုပ်ငန်းတွေကြောင့် ၂၀၂၅ ခုနှစ် တနှစ်တည်းမှာတင် အမေရိကန်ရဲ့ အင်တာနက်ရာဇဝတ်မှု တိုင်ကြားရေးဗဟိုဌာန (IC3) ဆီကို တိုင်ကြားစာပေါင်း ၈၀,၀၀၀ ကျော်ရောက်ရှိခဲ့ပြီး ငွေကြေး ဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံကျော် ရှိခဲ့ပါတယ်။
အခုစစ်ဆင်ရေးမှာ FBI အပြင် DOJ လို့ခေါ်တဲ့ တရားရေးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတွေအပြင် ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်က လူတွေလည်း ပါဝင်တာကြောင့် မြန်မာနယ်စပ်က ငွေလိမ်လုပ်ငန်းတွေအတွက် ကြီးမားတဲ့အကျပ်အတည်း ဖြစ်လာလိမ့်မယ်လို့ အမေရိကန်မှာ နေထိုင်တဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုဂျိမ်းရွှေက သုံးသပ်ပါတယ်။
“ဘာဖြစ်လို့လဲဆိုရင် စောစောက ပြောသလိုပဲ ဒီ Multi-agency (အေဂျင်စီပေါင်းစုံ)ရဲ့ ဖိအားနဲ့ဆိုတော့၊ သူတို့ ဒီ နယ်ခြားစောင့်တပ်တို့၊ သူတို့ရဲ့ စီးပွားရေးမိတ်ဖက်တွေက နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ ဝရမ်းထုတ်ခံရနိုင်ခြေရှိတာ။ အဲဒီတော့ သူတို့ရဲ့ ပြည်ပကို သွားလာခဲ့ရင်၊ ပြည်ပပြိုင်ဆိုင်မှုတွေကို သိမ်းဆည်းခံရမယ့် အန္တရာယ်တွေ ဖြစ်လာနိုင်တာ ပေါ့နော်။"
ငွေလိမ်ဂိုဏ်းတွေ မရှိမဖြစ်အသုံးပြုရတဲ့ အင်တာနက် ဆက်သွယ်ရေးပစ္စည်းတွေကို ဖြတ်တောက်တာအပြင် ငွေကြေးခဝါချရာမှာ အသုံးပြုတဲ့ ဘဏ်စာရင်းတွေ၊ Crypto Wallet တွေကိုလည်း ပိတ်ပင်နိုင်တဲ့ အနေအထားရှိလာတယ်လို့ သူက သုံးသပ်ပါတယ်။
နည်းပညာ ပိတ်ဆို့မှုတွေကြောင့် ဒီဂိုဏ်းတွေရဲ့ အမြတ်တွေ လျေ့ာကျလာနိုင်သလို လာဘ်ယူနေသူတွေအနေနဲ့လည်း ဒီလုပ်ငန်းတွေကို အကာအကွယ်ပေးနေတဲ့ လက်နက်ကိုင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ စဉ်းစားလာနိုင်တယ်လို့ ကိုဂျိမ်းရွှေက ခန့်မှန်းပြောပါတယ်။
တဖက်မှာလည်း သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာတင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားက မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးအပြင် အွန်လိုင်းလောင်းကစား၊ တရားမဝင်လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်မယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စိုးသူအောင်


