
ကရင်ပြည်နယ်၊ ရွှေကုက္ကို ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ ထွက်ပြေးခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့မှာ ဖမ်းမိခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၃ ရက် Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းဘုရင့်တပ်မတော်၊ ရတ်ချာမန်နုတပ်ဖွဲ့က မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စု၊ ဝမ်ကယောက်ကျေးရွာအနီးမှာ အိတ်တွေကို မြှောက်ကိုင်ကာ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက် ဝင်ရောက်လာတဲ့ တရုတ်အမျိုးသားတွေကို စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။
မြစ်ကို ဖြတ်ကျော်ပြီးနောက် သူတို့ကို ဖမ်းဆီး ရှာဖွေစစ်ဆေးခဲ့ရာမှာတော့ သူတို့ထဲက ၄ ယောက်မှာသာ နိုင်ငံကူးလက်မှတ်ပါရှိပြီး ကျန် ၁၆ ယောက်ကတော့ ဘာခရီးသွားလာခွင့် အထောက်အထားမှ မရှိကြောင်း ထိုင်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဖမ်းဆီးရမိသူအားလုံးဟာ သတ်မှတ်ထားတဲ့ တရားဝင် နယ်စပ်ဂိတ်တွေက မဟုတ်ဘဲ သဘာဝအတားအဆီး သောင်ရင်းမြစ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာကြောင့် တရားမဝင် ဝင်ရောက်မှုနဲ့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဆီ လွှဲပြောင်းကာ ဥပဒေအရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မြန်မာပြည်ဘက်မှာ ကျားဖြန့်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၁၃ ယောက်တို့ဟာ ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတာကြောင့် ထိုင်းစစ်တပ်ဖွဲ့က လှည့်ကင်း ဆောင်ရွက်နေချိန် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ၁၂ ယောက်ဟာ အထောက်ထားမဲ့ဖြစ်ပြီး တယောက်ကတော့ ပြည်ဝင်ခွင့် အထောက်အထား ရှိကြောင်းနဲ့ ထိုင်းနိုင်ငံ ဥပဒေအတိုင်းဆောင်ရွက်ဖို့ တာ့ခ်ခရိုင် လဝကကို လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေရဲ့ အဆိုအရ ထိုင်း-မြန်မာ နယ်စပ်တလျှောက် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေဆဲဖြစ်ကာ အထူးသဖြင့် မဲဆောက်မြို့၊ ဝမ်ကယောက်ကျေးရွာနဲ့ မျက်နှာချင်းဆိုင် မြန်မာနိုင်ငံဘက်ခြမ်း ရွှေကုက္ကိုဒေသ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနေ ထွက်ပြေးလာကြတဲ့ တရုတ် အပါအဝင် နိုင်ငံခြားသားတွေက အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ KK Park မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေရဲ့ အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးပြခဲ့ပေမဲ့ ရွှေကုက္ကိုမှာတော့ ကျားဖြန့်လုပ်ငန်းတွေက အရှိန်မပျက် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။


