Home
နိုင်ငံတကာ
အစ္စရေးဘက်က အပြည့်အဝရပ်တည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပြော
DVB
·
February 26, 2026
Photo: REUTERS/Shir Torem TPX IMAGES OF THE DAY

အိန္ဒိယနိုင်ငံအနေနဲ့ အစ္စရေးဘက်ကနေ အခုအခိုက်အတန့်မှာရော၊ နောင်မှာပါ ခိုင်ခိုင်မာမာ အပြည့်အဝ ရပ်တည်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဖေဖော်ဝါရီ ၂၅ ရက်က အစ္စရေးလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုဟာ “အရိုင်းအစိုင်း” ဆန်ပြီးတော့ အရပ်သားတွေကို သတ်ဖြတ်မှုဟာ ဘယ်လိုအကြောင်းပြချက်နဲ့မှ တရားမျှတတယ်လို့ မပြောနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကလည်း အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကို ကျေးဇူးတင်ရှိပြီး မိုဒီကို မိတ်ဆွေသူငယ်ချင်းဆိုတာထက် ပိုပြီး ညီအစ်ကိုလို သဘောထားတယ်လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အဆိုပြုထားတဲ့ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုလည်း အိန္ဒိယက အပြည့်အဝထောက်ခံကြောင်း မိုဒီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ အစ္စရေးဆီကနေ လက်နက်အများဆုံးဝယ်ယူနေတဲ့ နိုင်ငံဖြစ်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကုန်သွယ်မှုတွေလည်း အများအပြား ရှိနေတာပါ။

ဒါပေမဲ့ ပါလက်စတိုင်းတွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ စွပ်စွဲခံထားရချိန်မှာ အစ္စရေးကို အခုလို ထောက်ခံအားပေးနေတဲ့အတွက် ဝန်ကြီးချုပ် မိုဒီအပေါ် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

ဂါဇာမှာ ကလေးသူငယ်တွေ သေဆုံးနေရတဲ့ အကြောင်းလည်း မိုဒီအနေနဲ့ ထည့်သွင်း ပြောဆိုသင့်တယ်လို့ အိန္ဒိယအတိုက်အခံအမတ်တွေက ဝေဖန်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013