
ပထမအကျော့က ၅ ဂိုး ၂ ဂိုးနဲ့ အပြတ်အသတ်ရှုံးခဲ့တဲ့ ဂျူဗင်တပ်ဟာ အိမ်ကွင်းမှာ ၁၀ ယောက်တည်းနဲ့ အံ့အားသင့်ဖွယ် ကစားခဲ့ပေမဲ့ အချိန်ပိုမှာ ဂါလာတာစာရေးကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါတယ်။
ဂျူဗင်တပ်ဟာ ပွဲပြီးဖို့ ၈ မိနစ်အလိုမှာ မက်ကင်နီရဲ့ဂိုးနဲ့အတူ နှစ်ကျော့ပေါင်း ၅ ဂိုးစီ သရေဖြစ်အောင်အထိ စွမ်းဆောင်နိုင်ခဲ့လို့ ချန်ပီယံလိဂ်သမိုင်းမှာ ၃ ဂိုးပြတ် ရှုံးခဲ့ရာကနေ နောက်တဆင့်တက်နိုင်တဲ့ ၄ သင်းမြောက်အသင်း ဖြစ်လာဖို့ အခြေအနေကောင်းခဲ့တာပါ။
ဂျူဗင်တပ်အတွက် လိုကာတယ်လီက ပင်နယ်တီနဲ့ အဖွင့်ဂိုးသွင်းပေးခဲ့ပေမဲ့ ဒုတိယပိုင်းအစမှာ နောက်ခံလူ လွိုက်ကယ်လီ အနီကတ်နဲ့ ထွက်ခဲ့ရလို့ အခက်တွေ့ခဲ့ပါတယ်။
ဒါပေမဲ့ ၁၀ ယောက်တည်းနဲ့တင် ဂတ်တီနဲ့ မက်ကင်နီတို့က ဂိုးတွေထပ်သွင်းပြီး နှစ်ကျော့ပေါင်းရလဒ်ကို တူအောင် လိုက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အချိန်ပိုမှာတော့ လူအင်အားမမျှဘဲ ပင်ပန်းလာတဲ့ ဂျူဗင်တပ်ကို အိုဆင်မန်နဲ့ ယီလ်မက်ဇ်တို့က ဂိုးတွေပြန်သွင်းခဲ့လို့ ဂါလာတာစာရေးတို့ နိုင်ပွဲရသွားခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် ဂါလာတာစာရေးဟာ ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပြီး လီဗာပူး ဒါမှမဟုတ် စပါးအသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။


