
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ဝါဘိုကျွန်းပတ်ဝန်းကျင်မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ AA တို့အကြား လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်က သံချပ်ကာကားတွေပါ ထုတ်သုံးဖို့ ကြိုးပမ်းနေတယ်လို့ စစ်ရေးအခြေအနေကို သိရှိသူ အမျိုးသားတယောက်က ပြောပါတယ်။
“ဒီရက်ပိုင်း စစ်တွေမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်နေကြတာရှိတယ်။ အထူးသဖြင့် ဝါဘိုကျွန်း ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာ။ အဲဒီကျွန်းမှာက စစ်ကောင်စီနဲ့ AA တို့ နှစ်ဖက် နီးနီးကပ်ကပ်ကို စစ်ဆိုင်နေကြတဲ့ အနေအထားမှာရှိတယ်။ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အဓိကထား ပစ်ခတ်နေကြတာ။ စစ်ကောင်စီက စစ်တွေ- ရေချမ်းပြင် လမ်းပိုင်မှာလည်း သံချပ်ကာကားတွေနဲ့ စစ်ရေးပြနေတာတွေရှိတယ်။ အဓိကတော့ သူတို့ဘက်က စစ်အင်အားကို ပြသနေတဲ့ သဘောနဲ့ လိုအပ်ရင် ထုတ်သုံးမယ့်ဆိုပြီး စစ်ရေးပြနေတာ” လို့ ပြောပါတယ်။
ဒကစ-ဌာနချုပ် တပ်နယ်တွင်းရှိ စစ်တွေမြို့နယ် ဝါဘို၊ တောကန်၊ ကံကော်ကျွန်း၊ ပါဒလိတ်၊ အမြင့်ကျွန်း၊ အမှတ်- ၁၂ ရဲတပ်ရင်းနဲ့ ရေချမ်းပြင်ကျေးရွာ ပတ်ဝန်းကျင်တို့မှာ အခုရက်ပိုင်းအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေကို ဆက်တိုက်ကြားနေရတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်း ဝါဘိုကျွန်းကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး စစ်တွေအခြေစိုက် ဒကစ-ဌာနချုပ်နဲ့ ၅ မိုင်ခန့် အကွာအဝေးအထိ တပ်ဖြန့်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကလည်း စစ်ကောင်စီရဲ့ ဒကစ-ဌာနချုပ် ကာကင်းစခန်းအချို့ကို AA ဘက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်က ကျေးရွာအချို့ကိုလည်း မကြာခဏ လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်း ဒေသခံတယောက်က “စစ်တွေဘက်မှာ အခုရက်ပိုင်း တိုက်ပွဲဖြစ်နေကြတာရှိတယ်။ လက်နက်ကြီးပစ်သံတွေ အကျယ်ကြီး ကြားရတယ်။ စစ်တွေမှာ တိုက်ပွဲဖြစ်ရင် ပုဏ္ဏားကျွန်းအစပ်က ရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ လှစ်ပစ်တာတွေရှိတယ်။ စစ်တွေအစပ်မှာရှိတဲ့ ရွာတွေဆို အိမ်တွေတောင်မရှိတော့ဘူး စစ်ကောင်စီပစ်ခတ်ထားလို့ ပျက်စီးသွားပြီ။ ရွာသားတွေလည်း အကုန်လုံး ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။
စစ်တွေမြို့နယ်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရွာတွေက အိမ်ကောင်းတွေကိုလည်း အခုလပိုင်းအတွင်းမှာ စစ်ကောင်စီက ပြိုဖျက်ပြီး ရောင်းစားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေမြို့နယ်ကို စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။


