
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမဲ့ ကျောင်းသားတွေဟာ တိုက်ပွဲတွေကြောင့် တခြားမြို့မှာ စာမေးပွဲ သွားရောက်ဖြေဆိုနိုင်ဖို့ ကျောင်းသားတချို့ ကုန်ကျစရိတ် ငွေကြေးအခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လာမဲ့ မတ်လအတွင်း ပြုလုပ်မဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ဖားကန့်က ကျောင်းသားတွေဟာ ကာမိုင်းမြို့မှာ သွားရောက်ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲဖြေဆိုမဲ့ ကျောင်းသားတွေရဲ့ သွားလာနေထိုင် စားသောက်စရိတ်ကို မိဘတွေက ကျခံရမှာကြောင့် ငွေကြေးအခက်အခဲရှိတဲ့ မိသားစုက ကျောင်းသားတွေကတော့ စားမေးပွဲ ဖြေဆိုနိုင်ဖို့ရာ မရေမရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
မနေ့က ကျောင်းဘက်ကနေ ကျောင်းသားမိဘတွေကို ခေါ်ယူတွေ့ဆုံပြီး စာမေးပွဲ သွားရောက် ဖြေဆိုနိုင်ဖို့ ကျောင်းသားတယောက်အတွက် ၁၃ ရက်စာ ၅ သိန်းကျော် တောင်းခံခဲ့တယ်လို့ ဖားကန့် ဒေသခံက DVB ကို ပြောပါတယ်။
“မနေ့က လုံးခင်းမှာ ကျောင်းသားမိဘတွေကို ခေါ်ပြီးပြောကြတယ်။ ကလေးတယောက်ကို ငွေ ၅ သိန်းကျော်လောက် ပေးရမယ်ပေါ့နော်။ သူတို့က ကာမိုင်းကို သွားမဲ့စရိတ်၊ ဟိုမှာနေဖို့ထိုင်ဖို့ စီစဉ်ပေးမယ်၊ စာပြမယ်၊ ကျွေးမွေးမယ်ပေါ့။ အသွားအပြန် အားလုံးပေါင်း ၁၃ ရက်စာကို ၅ သိန်းကျော် တောင်းတယ်။”
အစောပိုင်း ကျောင်းသားမိဘတွေထံ တောင်းခံခဲ့တဲ့ ကုန်ကျစရိတ် ငွေကြေးကို လက်ရှိမှာ ကျောင်းဘက်ကနေ ကောက်ခံတာ မရှိတော့ဘဲ အထွေထွေကုန်ကျစရိတ်ကို ကျောင်းသားမိဘတွေက မိမိဘာသာ စီစဉ်ရမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းသားမိဘတယောက်ကတော့ “ဖားကန့်မှာ တိုက်ပွဲက ခဏခဏ ဖြစ်နေတော့ တခြားမြို့မှာ စာမေးပွဲသွားဖြေရမယ်တဲ့။ အဲဒါကို ၅ သိန်းကျော် ကုန်မယ်ဆိုတော့ ကျမတို့က ငွေ ၅၀,၀၀၀ တောင် လက်ထဲမရှိဘူးရယ်။ ကလေးကို စာမေးပွဲပဲ သွားမဖြေခိုင်းဘဲ ထားမလား၊ ကျမကတော့ အဲလို မလုပ်ချင်ဘူး။ ဒါပေမဲ့ ဘယ်လိုဆက်လုပ်ရမလဲ မပြောတတ်သေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိတဲ့ စာစစ်ဌာနကနေ မတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေက ကျောင်းတွေမှာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စာမေးပွဲဖြေဆိုဖို့ လုံခြုံမှုမရှိတဲ့အတွက် တခြားမြို့ကို သွားရောက်ဖြေဆိုနိုင်ဖို့ ကျောင်းသားတွေ ကုန်ကျစရိတ်ရှိနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ကချင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို DVB က ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဖားကန့်မြို့ပေါ်မှာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး၊ ဒရုန်း အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ကလေးသူငယ်တွေ မကြာခဏ လက်နက်ကြီးထိမှန်ကာ ထိခိုက်သေဆုံးနေရတာ ဖြစ်ပါတယ်။


