
ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ ဆိပ်မူကျေးရွာကြားက၊ ယူမာကျေးရွာ ဥရုချောင်းအနားမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက အမျိုးသားတယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၃၀ ကျော်ဝန်းကျင်ရှိတဲ့ အမျိုးသားတယောက် ပစ်ခံရတာဖြစ်ပြီး သေဆုံးသူရဲ့ နေရပ်နဲ့ အမည်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က “ပစ်တာက ဘယ်အဖွဲ့ကပစ်တာလဲ မသိရဘူးဗျ။ ယူမာကျေးရွာနားက အဲလ်ဗားမျောခြံထဲမှာ စစ်ကောင်စီတပ်သားတွေ ထိုင်တယ်။ စိုင်းတောင်ဘက်ခြမ်းမှာက KIA၊ KPDF က စစ်ရေးလှုပ်ရှားတယ်။ အဲဒီတော့ ဘယ်သူလက်ချက်မှန်းမသိ ဝေခွဲရခက်တာပေါ့” လို့ DVB ကို ပြောပါတယ်။
သေဆုံးနေသူရဲ့ လက်နှစ်ဖက်မှာ လက်ထိပ် ဒါမှမဟုတ် ကလစ်ကြိုးနဲ့ တင်းတင်းကျပ်ကျပ် အတုပ်ခံခဲ့ရတာကြောင့် လက်ကောက်ဝတ်နှစ်ဖက်မှာ သွေးစို့နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းကလည်း လုံးခင်းကျေးရွာထဲကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်လို့ ကလေး ၅ ယောက်နဲ့ အမျိုးသမီးတယောက် ထိမှန် ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဒဏ်ရာရတဲ့ သားအမိ ၂ ယောက်ထဲက ၁၅ နှစ်အရွယ် ယောကျ်ားလေးဟာ မနေ့မနက်မှာ ဆေးကုသနေရင်းနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖားကန့်မြို့နယ်ထဲမှာ နှစ်ဖက် စစ်ရေးငြိမ်သက်နေတယ်လို့ သိရပါတယ်။


