Home
နိုင်ငံတကာ
အမျိုးသားများအပေါ်  ခွဲခြားဆက်ဆံမှုဖြင့် ကိုကာကိုလာမိတ်ဖက်ကုမ္ပဏီ တရားစွဲခံရ
DVB
·
February 19, 2026
Photo :Reuters

အမေရိကန်မှာ အမျိုးသမီးဝန်ထမ်းသီးသန့် တွေ့ဆုံပွဲလုပ်ခဲ့တဲ့ ကိုကာကိုလာ မိတ်ဖက်ကုမ္ပဏီ တခုကို အမျိုးသားတွေအပေါ် လိင်ခွဲခြားဆက်ဆံရာ ရောက်တယ်ဆိုပြီး အမေရိကန် အလုပ်အကိုင် အခွင့်အလမ်း ညီမျှရေးကော်မရှင် (EEOC) က တရားစွဲဆိုလိုက်ပါတယ်။

ဂျပန်ကုမ္ပဏီ Kirin Holdings ပိုင်ဆိုင်တဲ့ Coca-Cola Beverages Northeast ကုမ္ပဏီဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက အမျိုးသမီးဝန်ထမ်း ၂၅၀ အတွက် ပွဲလုပ်ပေးခဲ့တာဟာ ဥပဒေချိုးဖောက်ရာ ရောက်တယ်ဆိုပြီး ဖေဖော်ဝါရီ ၁၇ ရက်က တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုမှာ မိခင် ကိုကာကိုလာ ကုမ္ပဏီကြီးကိုတော့ ထည့်သွင်းစွဲဆိုထားတာ မရှိပါဘူး။

ကုမ္ပဏီအနေနဲ့ ပွဲတက်ရောက်တဲ့ အမျိုးသမီးဝန်ထမ်းတွေကို အခကြေးငွေ ဖြတ်တောက်ခြင်းမရှိဘဲ ခွင့်ပေးခဲ့သလို ဟိုတယ်စရိတ်တွေကိုလည်း ကျခံပေးခဲ့ပေမဲ့ အမျိုးသားဝန်ထမ်းတွေကတော့ ဒီအခွင့်အရေးမရခဲ့လို့ ဖြစ်ပါတယ်။

နယူးဟမ့်ပ်ရှိုင်းယား ပြည်ထောင်စုတရားရုံးမှာ စွဲဆိုတဲ့ ဒီအမှုဟာ လုပ်ငန်းခွင် မတူကွဲပြားမှုနဲ့ သာတူညီမျှမှုဆိုင်ရာ (DEI) စီမံချက်တွေက “ဆန့်ကျင်ဘက် ခွဲခြားဆက်ဆံမှု” (Reverse Discrimination) ဖြစ်စေတယ်ဆိုတာ သက်သေပြဖို့ ဒေါ်နယ်ထရမ့်ပ် အစိုးရရဲ့ ကြိုးပမ်းချက်တခုလည်း ဖြစ်ပါတယ်။

သမိုင်းအစဉ်အလာအရ ခွဲခြားဆက်ဆံခံရသူတွေကို ပြန်ဦးစားပေးတဲ့ DEI မူဝါဒတွေဟာ အရည်အချင်းရှိသူ ဦးစားပေးတဲ့စနစ်ကို ထိခိုက်စေပြီး တခြားသူတွေကို ပြန်ခွဲခြားသလို ဖြစ်စေတယ်လို့ ထရမ့်ပ် အစိုးရက ရှုမြင်ထားပါတယ်။

ဒါကြောင့် ပြည်ထောင်စုအစိုးရ၊ ပုဂ္ဂလိကနဲ့ အဆင့်မြင့်ပညာနယ်ပယ်မှာ DEI မူဝါဒတွေ ဖျက်သိမ်းဖို့ ထရမ့်ပ်က စီစဉ်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း Nike နဲ့ Northwestern Mutual ကုမ္ပဏီတွေဟာ လူဖြူအလုပ်သမားတွေကို ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013