
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာ တံတားအနီးမှာ အမျိုးသားတယောက် မိုင်းနင်းမိပြီး ညာခြေတဖက် ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက် ညနေက ဆင်ထိုးကြီးရွာတံတား၊ ကွမ်းယာဆိုင်အနီးမှာ ဒေသခံတယောက် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းနင်းမိတဲ့ အမျိုးသားမှာ ညာခြေဖနောင့်တဖက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်ထိုးကြီးရွာခံတယောက်က “ပလောက်ရွာသားတဦးက ကွမ်းယာဆိုင်နံဘေးမှာ သေးဝင်ပေါက်ရင်း မိုင်းနင်းမိသွားတယ်။ ဒီရက်ပိုင်းအတွင်းမှာလည်း မြေးအဘွား ၂ ဦး မရမ်းသီး ဝင်ကောက်လို့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း ဆင်ထိုးရွာခံ မြေးအဘွား ၂ ယောက် အိမ်အနာက်ဘက်မှာ မရမ်းသီးဝင်ကောက်ရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
ဆင်ထိုးကြီးရွာဝန်းကျင်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ စိုးမိုးထားတဲ့နေရာဖြစ်ပြီး ဒေသခံတွေအနေနဲ့ မြေမြှုပ်မိုင်းရှိတဲ့နေရာကို မသွားလာကြဖို့နဲ့ သွားရောက်မဲ့နေရာကို အကြောင်းကြားဖို့အတွက် နှုတ်မိန့်နဲ့ ပြောဆိုထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာမှာ နှစ်ဖက်စလုံး ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ ရှိနေပြီး နယ်မြေ မတည်ငြိမ်သေးတာကြောင့် ရွာသားတွေ နေရပ်မပြန်နိုင်တာ တနှစ်ကျော်ခန့်ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။


