
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းအနီး ဖေဖော်ဝါရီ ၂၁ နေ့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) မဟာမိတ်တော်လှန်ရေး တပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ် အမတ - ၃၄၄ အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၁၉ ရက်က စတင်ပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရေကြည်မြို့နယ်က ဒေသခံတယောက်က “တိုက်ပွဲက ငြိမ်နေတာကြာပါပြီ။ ပြန်ဖြစ်တာ ၁၉ ရက်နေ့ လောက်က။ တိုက်ပွဲကတော်တော်ပြင်းထန်ပုံရတယ်။ လေကြောင်းနဲ့လည်း ပစ်ခတ်တာတွေရှိတယ်။ အမြောက်တပ်ဘက်ကိုသွားတဲ့ လမ်းတွေကိုလည်းပိတ်ဆို့ထားတယ်” လို့ပြောပါတယ်။
အဲ့ဒီတိုက်ပွဲဟာ AA နဲ့ မဟာမိတ်တပ်တွေကစတင် ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်က အမတ-၃၄၄ အနီးပတ်ဝန်ကျင်မှာ ကင်းစခန်းငယ်တွေအ များအပြားဆောက်ထားပြီး စက်တပ်လေထီးတွေအပြင် လေကြောင်းနဲ့ပါ ပစ်ကူပေး ပြန်လည်ခုခံနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “အခုတခါတိုက်ပွဲက အမြောက်တပ်နဲ့ အတော်နီးကပ်နေတယ်လို့ သိရတယ်။ မြေပြင်ထိခိုက်သေဆုံးအခြေအနေတော့မသိရသေးဘူး။ စစ်ကော်မရှင်တပ်ဘက်က တပ်အင်းအားတွေကို ဆက်တိုက်ဖြည့်နေတယ်”လို့ ပြောပါတယ်။
အမြောက်တပ် အမတ - ၃၄၄ကို စစ်ကောင်စီက စစ်လက်နက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်ကထပ်မံပို့ဆောင်ခဲ့သေးတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က စစ်မှုထမ်း အပတ်စဥ် ၁၉ သင်တန်းဆင်း တပ်သားသစ် အယောက် ၂၀၀ လောက်ကို ရေကြည်အခြေစိုက် မြောက်စမ်းကျေးရွာမှာရှိတဲ့ အမြောက်တပ် အမတ-၃၄၄ ကိုပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) နဲ့ ဒေသခံပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့တွေက သတင်းတွေထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန် တာ မရှိသေးပါဘူး။


