မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောသွားကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်တဆိုင်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၅ စီး မီးလောင်ပျက်စီးကာ လူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တိုင်းအဆင့် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
စက်သုံးဆီအရောင်းဆိုင်မှာ ဆီဘောက်ဆာယာဉ်ထဲက စက်သုံးဆီတွေကို အလုပ်သမားတွေက ခြောက်ဘီးကုန်တင်ယာဉ်ပေါ်မှာရှိတဲ့ ပလတ်စတစ်ပေပါတွေအတွင်း ပြောင်းထည့်ရာကနေ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆီသယ်ယာဉ် ၄ စီး၊ ကုန်တင်ကားတစီးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး အလုပ်သမားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
မီးသတ်ဦးစီးဌာန တာဝန်ရှိသူတယောက်က “ဆီဆိုင် အဆောက်အအုံနဲ့ ဆီသိုလှောင်ကန်တွေ မီးကူးစက်တာ မရှိခဲ့ပါဘူး။ အလုပ်သမားတယောက်ပဲ မီးဘေးလွတ်ရာကို ခုန်ချလိုက်လို့ ခြေသလုံးနဲ့ လက်ဆစ်တို့မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်၊ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို ဆိပ်ဖြူမြို့နယ်နဲ့ ချောက်မြို့နယ်တို့က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီခွဲလောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် တန်ဖိုး ကျပ်သိန်းပေါင်း ၁,၂၀၀ ကျော် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ဆိပ်ဖြူမြို့မရဲစခန်းမှာ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။










