Home
မြန်မာသတင်း
ဆိပ်ဖြူတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး လူနေအိမ်များ မီးရှို့ဖျက်ဆီး
DVB
·
January 29, 2026
Photo: ကိုသူရိန်
Photo: ကိုသူရိန်
Photo: ကိုသူရိန်
Photo: ကိုသူရိန်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာတွေကို ဇန်နဝါရီ ၂၆ ရက်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေနဲ့ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “၂၆ ရက်နေ့ မွန်းတည့်ချိန်လောက်က ဆိပ်ဖြူနယ်အရှေ့ ကံတွင်းရွာမှာရှိတဲ့ စာသင်ကျောင်းကို ကပစ ၂၂ က တက်လာတဲ့ စက်တပ်လေထီးနဲ့ ဗုံးသီး ၂ လုံး ကြဲသွားလို့ တလုံးကွဲပြီး စာသင်ဆောင်တွေ ပျက်စီးသွားတယ်။ လက်နက်ငယ်တွေနဲ့လည်း ပတ်ပြီး ပစ်သွားသေးတယ်။ ဗုံးတလုံးကတော့ ရွာနားလေးကျပြီး မပေါက်ဘဲ ကျန်နေလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ လာရှင်းလင်းပေးသွားကြတယ်” လို့ ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်ထဲမှာရှိတဲ့ စာသင်ကျောင်း အများစုကို စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် ယာယီပိတ်ထားတာကြောင့်လည်း ကျောင်းသား၊ ကျောင်းသူတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်မှာလည်း ကပစ ၂၂ ထဲကနေ တက်လာတဲ့ စက်တပ်လေထီးနဲ့ ဆိပ်ဖြူမြို့နယ် ကဇွဲကျေးရွာနဲ့ ဆူးပုတ်ကုန်းကျေးရွာ အနီးတဝိုက်တွေကို ဗုံးကြဲခဲ့သလို ကပစ ၂၂ က စစ်ကောင်စီ လက်အောက်ခံတွေဟာ ထိန်ကန်ကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆိပ်ဖြူ ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ စစ်တပ်ဘက်က တဖက်သတ် ဗုံးကြဲ မီးရှို့တာတွေ လုပ်နေတာပါ။ သူတို့ ဗုံးကြဲခဲ့တဲ့ တချို့နေရာတွေမှာတော့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့လေးတွေရဲ့ စခန်းငယ်လေးတွေ ရှိခဲ့ပေမဲ့ အဲဒီစခန်းတွေက ရွှေ့ပြောင်းသွားကြတာ ကြာပါပြီ။ ကဇွဲနဲ့ ဆူးပုတ်ကုန်းဘက်မှာက ဘာစခန်းမှမရှိဘဲ ၁၂၀ မမ ဗုံး ၄ လုံး ကြဲသွားတာ။ ထိခိုက်တာ မရှိဘူးလို့လည်း ကနဦးသိရတယ်။ သူတို့မီးရှို့သွားတဲ့ ထိန်ကန်ရွာဆိုတာက ကပစ ၂၂ နားမှာ ကပ်နေတော့ သူတို့ဘက်က စိတ်ရှိတိုင်း လာရှို့နေတယ်လို့​တောင် ပြောလို့ရတယ်။ မီးလောင်ပျက်စီးတဲ့ အရေအတွက်ကိုတော့ စုံစမ်းနေဆဲပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကပစ ၂၂ စက်ရုံအနီးမှာရှိတဲ့ ထိန်ကန်ကျေးရွာ အပါအဝင် ကျေးရွာအများစုဟာ ကပစ ၂၂ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မကြာခဏ ဝင်ရောက်မီးရှို့တာ ခံရတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာ နှစ်ချီ ကြာမြင့်နေပြီဖြစ် ပါတယ်။

ကပစ ၂၂ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကပစ ၂၂ စက်ရုံအနီးက ကျေးရွာတွေမှာရှိတဲ့ လူနေအိမ်တွေကို မကြာခဏ ဝင်ရောက်မီးရှို့တာတွေအပြင် လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ သတိနဲ့ နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013