
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဆေးတပ်သားတွေဟာ အခက်အခဲမျိုးစုံနဲ့ ဆေးဝါးမလုံလောက်တဲ့ကြားက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပြီး တော်လှန်ရေးကာလအတွင်း ကလေးအယောက် ၂၀ မွေးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စလင်းမြို့နယ် ပကဖ ဆေးတပ်သားတွေက သူတို့စိုးမိုးရာ ကျေးရွာတွေက ဒေသခံ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း စလင်းမြို့နယ်ထဲက ကိုယ်ဝန်ဆောင်မိခင်တယောက်ကို စလင်း(ပကဖ) ဆေးတပ်သားတွေက နေအိမ်အထိ သွားရောက်ပြီး ကလေးငယ်ကို မွေးဖွားပေးနိုင်ခဲ့ပါတယ်။
လက်ရှိ တော်လှန်ရေးကာလအတွင်းမှာ စလင်းမြို့နယ်အတွင်း စလင်း(ပကဖ) ဆေးတပ်သားတွေက ကိုယ်ဝန်ဆောင်မိခင်တွေကို ကလေးအယောက် ၂၀ ကျော် မွေးဖွားပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
စလင်းမြို့နယ်မှာ စစ်ရေးမတည်ငြိမ်တဲ့အတွက် ကျေးရွာတွေဘက်မှာနေတဲ့ ပြည်သူတွေက မြို့ပေါ်အထိသွားပြီး ဆေးခန်းမပြနိုင်တဲ့အတွက် ပကဖ ဆေးတပ်သားတွေရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကို အားကိုးနေရတာ ဖြစ်ပါတယ်။
ကျေးရွာပွိုင့်တွေအလိုက် ဆေးဝါးကုသမှုတွေ လုပ်ပေးနေပြီး ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ စလင်းမြို့နယ် ပကဖ ဆေးတပ်သားတွေကို ရှေ့တန်းဆေးအဖွဲ့နဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ကုသမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စလင်းမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တယောက်က “အခုလတ်တလော အနေအထားအရ မြို့ပေါ်တွေ သွားရောက်ဖို့ကလည်း လမ်းကြောင်းအခြေအနေအရ အရမ်းကျပ်တည်းနေတာဆိုတော့ ကျေးလက်ကျန်းမာရေးတွေကို အဓိကထား စောင့်ရှောက်ရတယ်။ ဆေးခန်းမဖွင့်နိုင်သေးတဲ့ ပိတ်တဲ့နေရာတွေ ဆိုရင်တော့ ကျမတို့အနေနဲ့ ၂ ပတ် တခါလောက်ကို ပြည်သူတောင်းဆိုမှုနဲ့ သွားရောက်ကုသတာ ရှိတယ်။ သွားရောက်ကုသတဲ့နေရမှာတော့ အခြေခံဆေးဝါးစောင့်ရှောက်မှုနဲ့ အရေပြားရောဂါတွေ၊ အဲဒါတွေကို အဓိကကုသရတာရှိတယ်။ ကျေးလက်ကျန်းမာရေး ဆေးခန်းကိုတော့ ၂ ခုပဲ ဖွင့်ထားနိုင်တဲ့ အခြေအနေရှိတယ်” လို့ ပြောပါတယ်။
စလင်းမြို့နယ် ပကဖ ဆေးအဖွဲ့အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ နေရာတွေအထိ သွားရောက်ပြီးတော့လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် နှစ်စပိုင်းကစပြီး စလင်းနယ်မှာ ပကဖဆေးခန်း ၆ ခု ဖွင့်လှစ်ခဲ့ရာက ဒီနှစ်အတွင်းမှာတော့ စစ်ရေးအခြေအနေနဲ့ ဆေးဝါးအခက်အခဲကြောင့် ဆေးခန်း ၂ ခုပဲ ဖွင့်လှစ်နိုင်ပြီး နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။
စလင်းမြို့နယ် ပကဖ အနေနဲ့ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပြင် လုံခြုံရေးနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
စလင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ စိုးမိုးနယ်မြေ အကုန်လုံးမှာတော့ ဆေးခန်းလေးတွေ ခွဲခွဲပြီးတော့ ထားထားပေးတယ်ဗျ။ ပြည်သူတွေမှာ လိုအပ်နေတယ်ဆိုရင်တော့ ဘယ်ရာသီပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကျနော်တို့ဘက်ကနေပြီးတော့ ဝန်ဆောင်မှုက ဒီ ကျန်းမာရေး ကဏ္ဍတင်မှ မဟုတ်ဘူး၊ တခြားကဏ္ဍတွေမှာလည်း ဝန်ဆောင်မှုက ပေးနေတယ်ဗျ။ ပြည်သူ့ကာကွယ်ရေး ဖြစ်တာနဲ့အညီ ကာကွယ်ရေး ဦးစားပေးတာ အပြင်ကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ကဏ္ဍတွေကအစ လုပ်ဆောင်ပေးနေတာတွေ ရှိတယ်” လို့ ပြောပါတယ်။
စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဆေးတပ်ဖွဲ့က ဒေသခံတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေပေမဲ့ စစ်ကောင်စီတပ်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်း တလျှောက် စစ်ဆေးမှုတွေကြောင့် ဆေးဝါးဈေးကြီးမြင့်မှုတွေနဲ့ ဆေးဝါးရှားပါးမှုတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။


