Home
နိုင်ငံတကာ
မျောက်ကျောက်ရောဂါ (Mpox) ဟာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေရောက်နေဟု WHO ကြေညာ
DVB
·
August 15, 2024
Photo - REUTERS/Arlette Bashizi

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ မျောက်ကျောက်ရောဂါ (Mpox) ဗိုင်းရပ်စ် ကူးစက်ပြီးတဲ့နောက် သြဂုတ် ၁၄ ရက်မှာ mpox မျောက်ကျောက်ရောဂါဟာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ၂ နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ကြေညာခဲ့ပါတယ်။

ဒီရောဂါကူးစက်မှုကို ရပ်တန့်ဖို့နဲ့ အသက်တွေကို ကယ်တင်ဖို့ ညှိနှိုင်းတဲ့ အပြည်ပြည်ဆိုင်ရာတုံ့ပြန်မှုတရပ် မရှိမဖြစ် လိုအပ်တယ်လို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တေဒရိုအဒါနွန်ဂေဘရီယေးဆပ်က ဆွစ်ဇာလန်မြို့တော် ဂျနီဗာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရောဂါဖြစ်ပွားမှုကို WHO ရဲ့ အမြင့်ဆုံးသတိပေးချက် အဆင့်ဖြစ်တဲ့ "အပြည်ပြည်ဆိုင်ရာစိုးရိမ်ပူပန်မှုရဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ" ဒါမှမဟုတ်  PHEIC အဖြစ် သတ်မှတ်ထားပါတယ်။

ဒီတပ်လှန့်ချက်ဟာ သုတေသန၊ ရန်ပုံငွေနဲ့ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အစီအမံတွေကို အရှိန်မြှင့်နိုင်ပြီး ရောဂါကိုထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်နိုင်ပါတယ်။

ကွန်ဂိုက ကူးစက်မှုဟာ ဇီဝမျိုးရိုးအုပ်စု တစ် clade One လို့ ခေါ်တဲ့ အစုလိုက်အပြုံလိုက် ကူးစက် ပျံ့နှံ့မှုကနေ စတင်ခဲ့တာပါ။

ဒါပေမဲ့ မျိုးကွဲအသစ်ဖြစ်တဲ့ Clade I b ဟာ လိင်ဆက်ဆံမှုအပါအဝင် ပုံမှန်အနီးကပ်ထိတွေ့မှု ကတဆင့် ပိုလွယ်လွယ် ပျံ့နှံ့သွားပုံပေါ်တယ်လို့ တွက်ဆထားပါတယ်။

မျောက်ကျောက်ရောဂါ (Mpox) ဟာ ကွန်ဂိုကနေ ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနဲ့ ယူဂန်ဒါ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေဆီ ပျံ့နှံ့သွားပြီး WHO က ခုလို အမြင့်ဆုံး အရေးပေါ်တပ်လှန့်ရတဲ့အဆင့်ကို ရောက်ခဲ့ပါတယ်။

အခုနှစ်အထိ အာဖရိကတိုက်မှာ သံသယရှိသူ ၁၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၁၇ ဦးကို အစီရင်ခံခဲ့ပြီး မနှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၁၆၀ ရာခိုင်နှုန်း တိုးလာတယ်လို့ အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနက ပြောပါတယ်။ 

နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရောဂါကူးစက်နေတာပါ။ မျောက်ကျောက်ရောဂါ mpox ဗိုင်းရပ်စ်ရဲ့ ကွဲပြားတဲ့ ပုံစံတမျိုးဖြစ်တဲ့ Clade One b ဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း တကမ္ဘာလုံးဆီ ပျံ့နှံ့ခဲ့ပြီး အများစုက အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှုက တဆင့် ပျံ့နှံ့ခဲ့တာပါ။

WHO က ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာဖို့ လှုံ့ဆော်ခဲ့ပြီး ၁၀ လအကြာမှာ ကူးစက်မှု ပြီးဆုံးခဲ့ဖူးပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024