မကွေးတိုင်း၊ မင်းဘူးမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း လမ်းပိုင်းမှာ မြေပြိုကျခဲ့ပြီး ငဖဲမြို့နယ်ထဲက မန်းချောင်းရေလှောင်တမံမှာ ရေကျော်နေလို့ အရေးပေါ်အခြေအနေ ပထမအဆင့်အဖြစ် အသိပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန်းချောင်းဆည်ရေလျှံကျတာ များလာရင် ငဖဲမြို့နဲ့အနီးတဝိုက်က ကျေးရွာတွေအထိ ရေဝင်ရောက်လာနိုင်တာကြောင့် ဇူလိုင် ၂၇ ရက် ညနေပိုင်းက အရေးပေါ်အခြေအနေ ပထမအဆင့်အဖြစ် အသိပေးထားပြီး ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို ပြောင်းရွှေ့ထားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ မင်းဘူးဒေသခံတယောက်က ပြောပါတယ်။
“အခုအတိုင်း ရေက ဆက်ကျော်နေမယ်ဆိုရင် မန်းချောင်းဘေးက ရွှေစက်တော်ဘုရားထိ ရေက ရောက်လာနိုင်တယ်။ လောလောဆယ်တော့ ကြိုတင်ပြင်ဆင်ထားကြရတာပေါ့။ ဒီနေ့ မိုးမကြီးရင်တော့ အဆင်ပြေမှာပေါ့။ ပြောင်းရ ရွှေ့ရဆိုရင်တော့ တော်တော်များများ အဆင်ပြေကြမှာ မဟုတ်ဘူး။”
မန်းချောင်းရေလှောင်တမံရဲ့ တမံအမြင့်ဟာ ပေ ၆၄၀ ရှိပြီး ဆည်ရေပြည့် အမှတ် ၆၂၅ ပေ ရှိရာက ဇူလိုင် ၂၇ ရက် မနက် ၁၀ နာရီအချိန် တိုင်းတာချက်အရ ၆၂၅ ဒသမ ၉ ပေ ကို ရောက်ရှိလာပြီး ပင်မရေပိုလွှဲကနေ ၀ ဒသမ ၉ ပေအမြင့်နဲ့ စတင်ရေကျော်ခဲ့တာကြောင့် ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက အစိမ်းရောင်အလံ လွှင့်ထူ အသိပေးထားကြောင်း သိရပါတယ်။
ဆည်မြောင်းဌာနနဲ့ နီးစပ်သူတယောက်က “လတ်တလော သာမန်ရေကျော်မှု ပထမအဆင့်အနေနဲ့ အစိမ်းရောင်အလံတွေ စိုက်ပြီး အသိပေးထားပါတယ်။ တမံ၊ ရေပိုလွှဲ၊ ရေထုတ်ပြွန်နဲ့ ဆက်စပ်နေတဲ့ အဆောက်အအုံတွေမှာလည်း ၂၄ နာရီလုံး ရေကင်းတာဝန်ချထားပြီး အနီးကပ် ကြီးကြပ်နေတာတွေ ရှိပါတယ်။ ရေပြည့်လျှံလာရင်တော့ သီးနှံစိုက်ပျိုးထားတဲ့ ယာခင်းတွေပါ ပျက်စီးနိုင်တယ်” လို့ ပြောပါတယ်။
အလားတူ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ကြီးအုံကြီးဝ ရေလှောင်တမံမှာလည်း မကြာမီအချိန်အတွင်း တမံရေပြည့်တော့မယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမ်း-ပဒါန်းလမ်းပိုင်းမှာ ဇူလိုင် ၂၇ ရက် မနေ့မနက်ပိုင်းကစလို့ ရေကြီးရေလျှံဖြစ်ပြီး ပြိုကျခဲ့တာကြောင့် သွားလာရေးအခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်းနယ်နိမိတ်အစက ကြက်ရေစမ်းနဲ့ ကံမြင့်ကန်ကျေးရွာကြားမှာ ဇူလိုင် ၂၇ ရက်မနက် ၉ နာရီလောက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကားလမ်းပိုင်းပေ ၅၀ ကျော် ပြိုကျ ပျက်စီးသွားတာလို့ မင်းဘူးနယ်ခံတယောက်က ပြောပါတယ်။
“မနေ့က မိုးတအားကြီးပြီး ရေတွေလျှံတော့ တောင်ပေါ်လမ်းက ပြိုကျသွားတာ။ ဒီနေ့ထိတော့ ဆိုင်ကယ်တွေလောက်ပဲ သတိထားပြီး သွားလို့ရသေးတယ်။ ဘယ်သူမှလည်း လာပြင်တာ မတွေ့သေးဘူး။ ကားတွေကတော့ ဖြတ်လို့မရလို့ တန်းစီစောင့်နေကြရတယ်”
အမ်း-ပဒါန်းလမ်းပိုင်းဟာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ လမ်းပိုင်းတခုဖြစ်ပြီး အချိန်မီမပြုပြင်နိုင်ရင် ကုန်စည်ပြတ်တောက်တာနဲ့ ကုန်စျေးနှုန်းကြီးမြင့်တာတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံပြီး ဒေသတွင်း အဓိကအရေးပါတဲ့ ကားလမ်းမတချို့ ပျက်စီးသွားတာကြောင့် ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင် ၂၇ ရက် မနေ့ မနက်အစောပိုင်းကလည်း ရခိုင်ပြည်နဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ဂွ-ငသိုင်းချောင်းလမ်း ရိုးလမ်းမပေါ်က ဒေသအခေါ် ၁၇ မိုင်မှာ ကားလမ်း အက်ကွဲရာတွေဖြစ်ပေါ်ပြီး ကားတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။