ဟွန်ဒူးရပ်စ်နိုင်ငံမှာ ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာတာကို မှတ်တမ်းတင်ပြီးတဲ့နောက် ဇွန်လအစောပိုင်းမှာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခဲ့ရအပြီး အခုထိ သတိပေးချက် ဆက်ရှိနေပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၁,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၂၉ ဦး ရှိပြီး သွေးလွန်တုပ်ကွေး သံသယရှိသူ ၃၃ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားကျန်းမာရေးဝန်ကြီး ကာလာ ပါရေးဒက်စ် က နေစီအွန်နယ် ဟွန်ဒူးရပ်စ် ရေဒီယိုကို ဇူလိုင် ၄ ရက်မှာ အတည်ပြု ပြောပါတယ်။
အလယ်အမေရိကနိုင်ငံ ဟွန်ဒူးရပ်စ်မှာ လက်ရှိ မြို့ပြဧရိယာမှာ ရောဂါကူးစက်စေတဲ့ ခြင်တွေကို တားဆီးဖို့ မီးခိုးမှုတ်တာတွေကို ကျန်းမာရေးအာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။
တေငူစီဂယ်ပါမြို့တော်မှာ ကျန်းမာရေးတပ်ဖွဲ့တွေဟာ ရောဂါကူးစက်နိုင်တဲ့ခြင်တွေ မပေါက်ဖွားအောင် ကြိုးပမ်းရင်း တအိမ်တက်ဆင်း ပိုးသတ်ဆေးဖျန်းနေကြပါတယ်။
၂၀၂၃ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် တေငူစီဂယ်ပါ မြို့တော် ဧရိယာမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ၃၀၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဒေါက်တာ အိုဒီလွန် ရန်ဒေရို့စ် ဆေးခန်းက ဒါရိုက်တာ ဝေါလ်တာ ဗယ်လာဒါရက်စ်က ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူတွေ အချိန်မီဆေးကုသမှုခံယူနိုင်စေဖို့ ကျန်းမာရေး ဝန်ထမ်းတွေက မြို့တွင်းရပ်ကွက်တွေဆီသွားပြီး သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုကို စောစောစီးစီး ထောက်လှမ်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။
Source-Reuters