ကင်ညာနိုင်ငံက ရဲတွေကို ဟေတီနိုင်ငံမှာ တပ်စွဲခွင့်ပြုမယ့် သဘောတူညီချက်ကို ကင်ညာနဲ့ ဟေတီအစိုးရတို့ လက်မှတ်ထိုးပြီး ရက်ပိုင်းအတွင်းမှာပဲ ဟေတီအစိုးရက နိုင်ငံအတွင်း အရေးပေါ်အခြေအနေကို မတ်လ ၃ ရက်မှာ ကြေညာလိုက်ပါတယ်။
မတ်လ ၄ ရက်မှာ ဟေတီမြို့တော် ပို့အောပရင့်စ်က နိုင်ငံတကာလေဆိပ်နားမှာ ပြိုင်ဘက် ရာဇဝတ်ဂိုဏ်းတွေကြား အပြန်အလှန်ပစ်ခတ်ခဲ့လို့ စစ်တပ်က ကင်းလှည့်နေရပါတယ်။
မတ်လ ၂ ရက်က မြို့တော် ပို့အောပရင့်စ်မှာ အကြမ်းဖက် ရုန်းရင်းဆန်ခတ် ဖြစ်အပြီး ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦတွေ ပျက်စီးခဲ့တာပါ။
အကြီးစား ရာဇဝတ်ဂိုဏ်းခေါင်းဆောင်က ဝန်ကြီးချုပ် အေရီယယ် ဟင်နရီကို ဖြုတ်ချဖို့ ကြိုးစားနေပါတယ်။
အခြေအနေကို ပြန်တည်ငြိမ်အောင်လုပ်ဖို့ အစိုးရက ၃ ရက်ကြာ အရေးပေါ်အခြေအနေနဲ့ ညမထွက်ရအမိန့်ကို ကျင့်သုံးခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။
သီတင်းပတ်ကုန်ရက်အတွင်း မြို့တော်အစိတ်အပိုင်းတွေကို ထိခိုက်ခဲ့တဲ့ အကြမ်းဖက်မှုတွေ တိုးလာပြီး ဆက်သွယ်ရေး အခြေခံအဆောက်အဦတွေ ပျက်စီးတာနဲ့ နိုင်ငံတွင်း အကြီးဆုံးထောင်တွေထဲက တခုအပါအဝင် ထောင်ဖောက်မှု ၂ ခု ဖြစ်ခဲ့တာတွေ အပြီးမှာ ခုလို အရေးပေါ်အမိန့်ကို ထုတ်ပြန်ခဲ့တာပါ။
ဟေတီနိုင်ငံထဲက အုပ်စုဖွဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေး ရည်မှန်းထားပြီး ကုလသမဂ္ဂက အတည်ပြုထားတဲ့ စစ်ဆင်ရေးကို ဦးဆောင်ဖို့ ရဲအရာရှိ အယောက် ၁,၀၀၀ စေလွှတ်ရေး အစီအစဉ်ကို ပြည်တွင်းတရားရုံးက ပယ်ချဖို့ လက်ခံလာအောင် ကင်ညာအစိုးရက ဖြေသိမ့်နိုင်ဖို့ မျှော်လင့်ထားပြီး လုံခြုံရေးသဘောတူညီချက်ကို ကင်ညာနဲ့ ဟေတီအစိုးရတို့ မတ်လ ၁ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဟေတီနိုင်ငံထဲက အခြေအနေတွေကို အမေရိကန်က အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မတ်သယူးမေလာက မတ်လ ၄ ရက်မှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters