နာမည်ကြီး အဲန်နီမေးရှင်း ရုပ်ရှင်ကားတွေဖြစ်တဲ့ ကွန်ဖူးပန်ဒါ နောက်ဆက်တွဲ လေးကား မြောက်အနေနဲ့ ထွက်ရှိလာတဲ့ Kung Fu Panda 4 ရုပ်ရှင်ကို အမေရိကန်နိုင်ငံ၊ လော့စ် အိန်ဂျလိစ်မြို့မှာ အထူးပွဲပြသခဲ့ပါတယ်။
မတ် ၃ ရက်က ကျင်းပတဲ့ ဒီပွဲကိုတော့ ဖန်တီးရှင် ဒါရိုက်တာ မိုက်ခ်မစ်ရှဲလ်နဲ့အတူ အသံ နဲ့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဟောလိဝုဒ်နာမည်ကျော် သရုပ်ဆောင်တွေ အပါအဝင် အနုပညာရှင်တွေ တက်ရောက်ခဲ့ကြတာပါ။
ဒီကားကိုတော့ DreamWorks Animation ကနေ ထုတ်လုပ်ပြီး Universal Pictures ကနေ ဖြန့်ချိသွားမှာဖြစ်ကာ လာမယ့် မတ် ၈ ရက်ကစလို့ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
ပထမဦးဆုံးသော ကွန်ဖူးပန်ဒါရုပ်ရှင်ကိုတော့ ၂၀၀၈ ခုနှစ်မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အပိုင်း ၂၊ ၂၀၁၆ ခုနှစ်မှာ အပိုင်း ၃ ထွက်ရှိခဲ့တာဖြစ်ကာ CGI အထူးပြုလုပ်ချက်တွေနဲ့ ဒီကားတွေဟာ ရုံတင်ဝင်ငွေစံချိန်တင် ရရှိမှုနဲ့အတူ ပရိသတ်အားပေးမှုတွေ များစွာရရှိထားခဲ့တာပါ။
လတ်တလောမှာတော့ အပိုင်း ၃ ထွက်ရှိအပြီး ၈ နှစ်အကြာမှာမှ ကွန်ဖူးပန်ဒါအပိုင်း ၄ ထွက်ရှိချိန်မှာလည်း ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။
ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့Kung Fu Panda 4 ရုပ်ရှင်ဟာ IMDb မှာလည်း Rating 7.1 အထိ ရရှိထားပြီး ဒီကားထဲမှာရော အဓိက ဇာတ်ကောင် နဂါးဆရာသခင် ပိုရဲ့ စိတ်ဝင်စားစရာ ဘယ်လို ဇာတ်လမ်းဇာတ်ကွက်တွေ ထည့်သွင်းတင်ဆက်ထားဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာပါ။
Source/Photo - Reuters