Home
နိုင်ငံတကာ
တေလာဆွစ်ဖ်ကို စင်ကာပူတွင်သာ သီးသန့်ဖျော်ဖြေရန် မက်လုံးပေးကမ်းလှမ်းမှု ဝေဖန်ခံရ
DVB
·
March 5, 2024
Singapore's exclusive deal with Taylor Swift not a hostile act towards neighbours, PM says

ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ကို အရှေ့တောင်အာရှမှာ စင်ကာပူတနိုင်ငံတည်း သီးသန့်ဖျော်ဖြေဖို့ မက်လုံးပေး ကမ်းလှမ်းခဲ့တဲ့ကိစ္စဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် ရန်လိုတဲ့လုပ်ရပ် မဟုတ်ဘူးလို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မတ်လ ၅ ရက်မှာ ဖြေရှင်းခဲ့ပါတယ်။

ဝန်ကြီးချုပ်လီက“ကျနော်တို့အေဂျင်စီတွေက တေလာဆွစ်ဖ် စင်ကာပူမှာ လာဖျော်ဖြေဖို့၊ အရှေ့တောင်အာရှမှာ စင်ကာပူမှာပဲ တထောက်နားဖို့ ညှိခဲ့တာပါ။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ရန်ပုံငွေကနေ သူ့အတွက် မက်လုံးပေးခဲ့တာလည်းရှိပါတယ်။ ဒါကလည်း ခရီးသွားလုပ်ငန်း ပြန်အသက်ဝင်ဖို့ လျာထားတဲ့ ကိုဗစ်ကာလလွန် ရန်ပုံငွေထဲက ပေးတာဖြစ်ပါတယ်”လို့ ရှင်းပြပါတယ်။

စင်ကာပူဝန်ကြီးချုပ်က “အဲဒီလိုနဲ့ သဘောတူညီချက် ရတယ်ပေါ့ဗျာ။ ဒါက အရမ်းအောင်မြင်တဲ့ အစီအစဉ်လည်း ဖြစ်သွားတယ်ပေါ့။ ဒါက ရန်လိုတဲ့လုပ်ရပ်မျိုးလို့တော့ ကျနော်မမြင်ပါဘူး။ တခါတလေကျတော့ နိုင်ငံတနိုင်ငံက သဘောတူညီချက် ယူနိုင်တယ်၊ တခြားနိုင်ငံက မယူနိုင်ဘူးပေါ့” လို့ ဖြေရှင်းပါတယ်။

တေလာဆွစ်ဖ်ဟာ အရှေ့တောင်အာရှမှာ စင်ကာပူတနိုင်ငံတည်း သီးသန့် ၆ ရက်ဖျော်ဖြေမှာ ဖြစ်တာကြောင့် အရှေ့တောင်အာရှတလွှားက ဆွစ်ဖ်တီးစ်လို့ခေါ်တဲ့ တေလာဆွစ်ဖ် ပရိသတ်တွေဟာ ကုန်ကျစရိတ်ကြီးမြင့်တဲ့ စင်ကာပူမှာပဲ စျေးကြီးပေးပြီး လာကြည့်ရတာ ဖြစ်ပါတယ်။

လက်မှတ်ဖိုး၊ လေယာဉ်စရိတ်၊ တည်းခိုစရိတ်တွေ ပေါင်းရင် ပရိသတ်တယောက်ကို ဒေါ်လာ ၅,၀၀၀၊ ၆,၀၀၀ လောက်အထိ သုံးကြရတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

စင်ကာပူအစိုးရက တေလာဆွစ်ဖ်ကို ဖျော်ဖြေဖို့ ခွင့်ပြုချက် ထုတ်ပေးတယ်လို့ ကြေညာခဲ့ပြီး ဘယ်လိုတွေညှိခဲ့တယ်ဆိုတာ မူလက ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ ဒီကိစ္စကြောင့် ဒေသတွင်း နိုင်ငံတချို့ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က အရှေ့တောင်အာရှမှာ စင်ကာပူတနိုင်ငံတည်း ဖျော်ဖြေရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့ ခွင့်ပြုချက်ထုတ်ပေးတာ ဖြစ်တယ်လို့ သူကြားသိရကြောင်း မကျေမနပ် ထုတ်ပြောခဲ့ဖူးပါတယ်။

ဖိလစ်ပိုင်လွှတ်တော်အမတ်တဦးကလည်း ဒီလုပ်ရပ်က အိမ်နီးချင်းကောင်းတွေလုပ်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013