Home
နိုင်ငံတကာ
ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရန် အမေရိကန် လုပ်ဆောင်နေ
DVB
·
March 5, 2024
U.S. Air Force, Army airdrop 66 pallets of humanitarian aid to Gaza

ဟားမတ်စ် စစ်သွေးကြွတွေနဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကို ကုစားရာမှာ တတ်နိုင်သမျှ လမ်းကြောင်းများစွာကတဆင့် ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးဖို့ လုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မတ်လ ၄ ရက်မှာ ပြောကြားလိုက်ပြီး အဲဒီအခြေအနေက တကယ့်ကို သည်းမခံနိုင်စရာဘဲလို့လည်း သုံးနှုန်း ဖော်ပြခဲ့ပါတယ်။

ဝါရှင်တန်ဟာ ဂါဇာကမ်းမြောင်ကို ရေကြောင်းအကူအညီပေးရေး စင်္ကြံရဲ့ အလားအလာနဲ့ ပတ်သက်လို့ အကောင်းမြင်ထားပြီး အမေရိကန်စစ်တပ်ရဲ့ လေကြောင်းမှ အကူအညီတွေ လွှတ်ချမှုကိုလည်း ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်ဟာ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အများဆုံး စီးဆင်းပေးပို့နိုင်ဖို့ လေကြောင်း၊ ကုန်းကြောင်းနဲ့ ရေကြောင်းလမ်းတွေ ပါဝင်တဲ့ ဘက်စုံအကူအညီပေးရေး မဟာဗျူဟာတရပ်ကို ထူထောင်ဖို့ ကြိုးပမ်းနေကြောင်း မစ်လာက ပြောပါတယ်။

ဘိုင်ဒင်အစိုးရအဖွဲ့ဟာ ဂါဇာမြောက်ပိုင်းဒေသအတွက် အကူအညီတွေ လွယ်ကူချောမွေ့စေရေးအတွက် နောက်ထပ် နယ်စပ်ဖြတ်ကျော်ဂိတ်ဖွင့်လှစ်ဖို့ အစ္စရေးကို ဆက်လက်ဖိအားပေးနေကြောင်းလည်း သူကပြောပါတယ်။

ရေကြောင်းစင်္ကြံသစ်ကလည်း လုပ်ဆောင်နေဆဲဖြစ်ပြီး ဂါဇာမှာ သင်္ဘောတွေ ဘယ်နေရာမှာ ကုန်တွေချမယ် သို့မဟုတ် အမေရိကန် စစ်တပ် ပါဝင်မှု ရှိ မရှိ စတဲ့ အသေးစိပ်အချက်အလက်တွေကိုတော့ပြောကြားဖို့ မစ်လာက ငြင်းဆန်ခဲ့ပါတယ်။

ဂါဇာရှိမိဘတွေဟာ သူတို့ရဲ့ကလေးတွေကို ကျွေးမွေးဖို့တောင် မဖြစ်နိုင်တဲ့ ရွေးချယ်မှုတွေကို ရင်ဆိုင်နေရကြောင်း မစ်လာက ပြောကြားခဲ့ပြီး၊ အဲဒါကြောင့် အမေရိကန်ဟာ ဂါဇာကမ်းမြောင်ဒေသရှိ တတ်နိုင်သမျှ လမ်းကြောင်းများစွာကနေ အကူအညီတွေကို တိုးပြီး ရေရှည်ရရှိစေဖို့ အာရုံစိုက်နေခြင်း ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ဝေဟင်နဲ့ရေပြင် လမ်းကြောင်းတွေဟာ အကူအညီပစ္စည်းတွေ ပေးပို့ဖို့ မြေပြင်လမ်းကြောင်းရဲ့ အရံအနေနဲ့ ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပေမယ့်လည်း ၃ ခုမြောက် နယ်စပ်ဂိတ်ဖွင့်လှစ်ဖို့ စီမံကိန်းကိုတော့ ငြင်းဆိုခဲ့ပါတယ်။

လက်ရှိအခြေအနေကို လက်ခံနိုင်စရာ မရှိဘူးလို့ ဝါရှင်တန်က အစ္စရေးကို ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး အစ္စရေးရဲ့ အကူအညီပေးရေး ကြိုးပမ်းမှုတွေကိုလည်း ဝါရှင်တန်က သိပ်ကျေနပ်မှုမရှိကြောင်း မစ်လာက ပြောကြားခဲ့ပါတယ်။ 

လူဦးရေအများစုဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရကြောင်း သတိပေးချက်တွေအကြား ဂါဇာကမ်းမြောင်တောင်ဘက်ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုကို ဖြတ်ပြီး အကူအညီတွေကို သယ်ဆောင်လာတဲ့ ထရပ်ကားတွေအပြင် အမေရိကန်စစ်တပ်ဟာ မဟာမိတ်နိုင်ငံတွေနဲ့အတူ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရေး အစီအစဉ်တွေကို လေယာဉ်မှ ချပေးခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013