
ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်၊ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်တို့အတူ Greater Mekong Subregion Breath Council (GMS Breath Council) ကို ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၂၀ ရက်က သဘောတူညီမှုစာချွန်လွာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်က ထုတ်ပြန်ပါတယ်။
GMS Breath Council က နိုင်ငံဖြတ်ကျော် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအတွက် စင်္ကြံတခု ဖြစ်လာမှာဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့ မဲခေါင်ဒေသအတွင်းမှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းချိတ်ဆက်ကြမဲ့ စင်္ကြံတခုလည်း ဖြစ်လာမယ်လို့ သိရပါတယ်။
GMS Breath Council လက်အောက်မှာ ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသအတွင်းက နယ်စပ်ဖြတ်ကျော် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ချိတ်ဆက်လမ်းညွှန်ပေးမဲ့ ယန္တရားတခု တည်ဆောက်တာ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုပြဿနာ လျှော့ချရေးအစီအစဥ်တွေကို ရေးဆွဲအကောင်အထည်ဖော်တာနဲ့ ပူးတွဲစီမံကိန်းနဲ့ လုပ်ငန်းတွေမှာ သက်ဆိုင်ရာနယ်ပယ်တလျှောက် ချိတ်ဆက်ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဒါ့အပြင် တောမီး၊ ရှို့မီး စီမံခန့်ခွဲရေး၊ ဒေသအခြေပြု စီမံခန့်ခွဲရေးနဲ့ နိုင်ငံအသီးသီးရဲ့ လေထုအရည်အသွေးနဲ့ ပတ်သက်တဲ့ အချက်အလက်နဲ့ နည်းပညာတွေကို ဝေမျှဖလှယ်ပေးနိုင်မဲ့ စနစ်ကို ဖန်တီးတာတွေအပြင် နိုင်ငံအသီးသီးရဲ့ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရေးကဏ္ဍတွေမှာ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ပါဝင်စေခြင်း စတဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သံလွင်ငြိမ်းချမ်းရေးဥယျာဥ်ရဲ့ ဥက္ကဋ္ဌ စောဖောလ်စိတ်ထွားက “ဒီသဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းက အလွန်အရေးကြီးတဲ့ ခြေလှမ်းသစ်တခု ဖြစ်တယ်။ PM 2.5 က နိုင်ငံတခုတည်းရဲ့ ပြဿနာ မဟုတ်တော့ဘူး။ နိုင်ငံဖြတ်ကျော်ဖြစ်ပွားတဲ့ ပြဿနာတခုဖြစ်ပြီး ဒေသန္တရအသီးသီးရဲ့ ပါဝင်မှုကို လိုအပ်တယ်။ စောစောလုပ်ရမယ်၊ သက်ဆိုင်ရာ ကဏ္ဍအားလုံးကို လွှမ်းခြုံရမယ်။ ကျနော်တို့ အခုလုပ်မှရမယ်။ အစိုးရတွေ လုပ်ပေးမဲ့အချိန်ကို စောင့်လို့မရဘူး” လို့ ဆိုပါတယ်။
အဖွဲ့ဝင်ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ငန်းပံ့ပိုးရေးအဖွဲ့ (GMS Breath Council Secretariat) ပံ့ပိုးမှုနဲ့အတူ လုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ပေးမဲ့စနစ် (Coordination structure) တွေကို ရေးဆွဲချမှတ်သွားမှာဖြစ်ပြီး လာမဲ့ ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ပြုလုပ်သွားမဲ့ GMS Breath Council ကွန်ဂရက်မှာ ပူးတွဲလုပ်ငန်းအစီအစဥ်များ (Joint action plans) ကို ချမှတ်သွားမယ်လို့ သိရပါတယ်။
ဝေဝေ


