
အမေရိကန်စစ်တပ်ဟာ ကာရစ်ဘီယံပင်လယ်ပြင်ကနေ စောင့်ကြည့် ခြေရာခံလာခဲ့ပြီးနောက် အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ဒဏ်ခတ်အရေးယူခံထားရတဲ့ ရေနံတင်သင်္ဘောတစင်းကို ဖမ်းဆီးလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ အဲဒီဒေသအတွင်း တတိယအကြိမ်မြောက် ကြားဖြတ်ဖမ်းဆီးမှုဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ကရာကာ့စ်မြို့မှာ အမေရိကန်စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ဝါရှင်တန်အစိုးရဟာ OPEC အဖွဲ့ဝင် ဗင်နီဇွဲလားနိုင်ငံကို အဝင်အထွက် လုပ်နေတဲ့ သင်္ဘောတွေအပေါ် ပိတ်ဆို့မှုတွေကို သိသိသာသာ အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။
ဖမ်းဆီးခံရတဲ့ ရေနံတင်သင်္ဘောရဲ့ ပုံသဏ္ဌာန်၊ ဖွဲ့စည်းပုံ၊ ကရိန်းတွေနဲ့ ကုန်းပတ်ပေါ်ရှိ သုတ်ဆေးတွေအရ “ဘာသာ” အမည်ရှိ ရေနံတင်သင်္ဘောဖြစ်ကြောင်း ရိုက်တာသတင်းဌာနက အတည်ပြုထားပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အင်္ဂါနေ့က ပို့စ်တခုမှာ ရေနံတင်သင်္ဘောကို အိန္ဒိယသမုဒ္ဒရာမှာ ညတွင်းချင်း ဖမ်းဆီးခဲ့ကြောင်း၊ ဒီသင်္ဘောဟာ အီရန်နိုင်ငံနဲ့ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။
သင်္ဘောခြေရာခံ အချက်အလက်တွေအရလည်း အဲဒီသင်္ဘောဟာ အင်္ဂါနေ့မှာ အိန္ဒိယသမုဒ္ဒရာအတွင်း ရောက်ရှိနေတာကို တွေ့ရပါတယ်။
ကွတ်ခ်အိုက်လန်ကျွန်းစုအလံ လွှင့်ထူထားတဲ့ “ဘာသာ” သင်္ဘောဟာ ရှန်ဟိုင်းအခြေစိုက် သင်္ဘောစီမံခန့်ခွဲမှုကုမ္ပဏီနဲ့ ဆက်နွှယ်နေပြီး အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး အဆိုအရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကတည်းက ပိတ်ဆို့အရေးယူမှုစာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
Source: Reuters


