
အမေရိကန်သမ္မတရဲ့ အခွန်စည်းကြပ်မှုတွေဟာ ဥပဒေနဲ့မညီဘူးဆိုပြီး တရားရုံးချုပ်အနေနဲ့ ပယ်ဖျက်လိုက်တာကြောင့် တကမ္ဘာလုံးကို အခွန် ၁၅ ရာခိုင်နှုန်း အစားထိုး ကောက်ခံမယ်လို့ ဒေါ်နယ်ထရမ့်ပ်က အတည်ပြုပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၀ ရက်တုန်းက ပယ်ဖျက်ခံလိုက်ရတဲ့ အခွန်စည်းကြပ်မှုတွေအစား အမေရိကန်ထဲ ဝင်ရောက်လာမဲ့ ကုန်ပစ္စည်းမှန်သမျှကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမယ်ဆိုပြီး ကနဦး ပြောကြားခဲ့တာပါ။
အဲဒီနောက် ဖေဖော်ဝါရီ ၂၁ ရက် အရောက်မှာ တကြိမ်တခါမှ အသုံးမပြုခဲ့ဘူးတဲ့ ကုန်သွယ်ရေးဥပဒေအရ အမြင့်ဆုံးခွင့်ပြုထားတဲ့ အခွန်နှုန်းထား ၁၅ ရာခိုင်နှုန်းကို တိုးမြှင့်မဲ့အကြောင်း Truth Social ကတဆင့် ကြေညာခဲ့ပါတယ်။
၁၉၇၄ ကုန်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၁၂၂ အရ ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက်မရခင် အချိန်အထိ ထရမ့်ပ် အစိုးရအဖွဲ့က ဒီအခွန်နှုန်းထားအသစ်ကို ၅ လလောက် ယာယီအသုံးပြုခွင့် ရှိပါတယ်။
ဒါကြောင့်ပဲ လာမဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်အသက်ဝင်မဲ့ အခွန်နှုန်းထားဟာ ၁၀ ရာခိုင်နှုန်းပဲလား ဒါမှမဟုတ် ထပ်တိုးမြှင့်လိုက်တဲ့ ၁၅ ရာခိုင်နှုန်းလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အလားတူ အမေရိကန်နဲ့ အခွန် ၁၀ ရာခိုင်နှုန်း သဘောတူညီချက် ရရှိထားတဲ့ ဗြိတိန်နဲ့ ဩစတြေးလျ လိုမျိုး နိုင်ငံတွေအတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
၁၉၇၇ နိုင်ငံတကာ အရေးပေါ်စီးပွားရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ IEEPA အရ ထရမ့်ပ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံအများအပြားအပေါ် အခွန်စည်းကြပ်မှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်ရဲ့ အမြင့်ဆုံးတရားရုံးကတော့ ထောက်ခံမဲ ၆ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ သမ္မတဟာ သူ့လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး ဥပဒေကို အသုံးချပိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ထားပါတယ်။
အဲဒီစီရင်ချက်နဲ့ ပတ်သက်ပြီး ထရမ့်ပ်က “ရယ်စရာကောင်းသလို အရေးအသားလည်း ညံ့ဖျင်းပါတယ်။ ပြီးတော့ လွန်ကဲတဲ့ အမေရိကန်ဆန့်ကျင်ရေး ဖြစ်ပါတယ်” လို့ ဆိုတဲ့အပြင် သူ့ကုန်သွယ်ရေးမူဝါဒအပေါ် ငြင်းပယ်ခဲ့တဲ့ တရားသူကြီးတွေကိုပါ “ငကြောင်တွေ (Fools)” ဆိုပြီး သုံးနှုန်းခဲ့ပါတယ်။
နောက်ဆက်တွဲအဖြစ် အမေရိကန်ကုမ္ပဏီတွေနဲ့အတူ ကုန်သွယ်ရေးအဖွဲ့တွေဘက်က အစိုးရကောက်ခံထားတဲ့ အခွန်ငွေတွေကို ပြန်အမ်းပေးဖို့ တောင်းဆိုမဲ့အကြောင်း ဖော်ပြထားပါတယ်။
အခုလိုမျိုး ဒေါ်လာဘီလီယံနဲ့ချီပြီး ငွေပြန်အမ်းရမဲ့ကိစ္စဟာ တရားတပေါင်နဲ့ ရင်ဆိုင်ဖြေရှင်းရနိုင်တဲ့အလျောက် နှစ်နဲ့ချီပြီး ကြာမြင့်နိုင်တယ်လို့ ထရမ့်ပ် ကိုယ်တိုင် သတိပေးထားပါတယ်။
IEEPA ဥပဒေအရ အမေရိကန်နိုင်ငံဟာ အခွန်ကောက်ခံမှုကနေ ဒေါ်လာ ၁၃၀ ဘီလီယံထက်မနည်းကို ရထားပြီဖြစ်ကြောင်း အစိုးရရဲ့ တရားဝင် အချက်အလက်တွေအရ သိရပါတယ်။


