
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မာအာလာဂိုးစံအိမ် ကန့်သတ်နယ်မြေအတွင်း ဝင်ရောက်လာတဲ့ လက်နက်ကိုင် အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ လျှို့ဝှက်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပြောင်းချောသေနတ်နဲ့ ဆီပုံးကိုင်ဆောင်လာတဲ့ အဲဒီအမျိုးသားကို လုံခြုံရေးအေးဂျင့်တွေနဲ့ ရဲအရာရှိတယောက်က ပစ္စည်းတွေချထားဖို့ သတိပေး ဟန့်တားခဲ့ပါတယ်။
“ကျနော်တို့ သူ့ကို ပစ္စည်းတွေ ချထားလိုက်လို့ပဲ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ သူက ဆီပုံးကိုချပြီး သေနတ်ကို ပစ်ခတ်မဲ့အနေအထား ချိန်ရွယ်လိုက်ပါတယ်” လို့ ရဲမှူး ရစ်ခ်ဘရက်ဒ်ရှောက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီလို ချိန်ရွယ်လာတဲ့အတွက် လုံခြုံရေးအေးဂျင့်တွေက အန္တရာယ်ကိုဟန့်တားဖို့ ပစ်ခတ်နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားချိန်ဟာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁ နာရီခွဲလောက်မှာဖြစ်ပြီး အဲဒီအချိန်မှာ ထရမ့်ပ်ဟာ ဝါရှင်တန်ဒီစီမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အော်စတင်တီမာတင် ဖြစ်ပါတယ်။ သူပျောက်ဆုံးနေကြောင်းကို မိသားစုက ဖေဖော်ဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာ ရဲတပ်ဖွဲ့ထံ တိုင်ကြားထားခဲ့တာပါ။
ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးစားမှုတွေ ပြီးခဲ့တဲ့နှစ်အတွင်း ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် မာအာလာဂိုးစံအိမ်မှာ လုံခြုံရေးတွေ အထူးတင်းကျပ်ထားချိန်မှာ အခုလို ထပ်မံဝင်ရောက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


