
နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်ပြီး ၁၀ ရက်ကနေ ၁၅ ရက်အတွင်း သဘောတူညီမှု မယူနိုင်ဘူးဆိုရင် “အင်မတန်ဆိုးရွားတာတွေ ဖြစ်လာတော့မယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးလိုက်ပါတယ်။
ဝါရှင်တန်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးမှာ ထရမ့်ပ်က “၁၀ ရက်၊ အလွန်ဆုံး ၁၅ ရက်ဆိုရင် အချိန်လုံလောက်မယ်ထင်တယ်” လို့ ပြောကြားခဲ့တာပါ။
ဆွစ်ဇာလန်မှာလုပ်နေတဲ့ အီရန်နဲ့ ဆွေးနွေးပွဲတွေ အဆင်ပြေနေပေမဲ့ အဓိပ္ပာယ်ရှိတဲ့ သဘောတူညီမှုမျိုးရဖို့ လိုအပ်တယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
လက်ရှိမှာ အမေရိကန်က လေယာဉ်တင်သင်္ဘော အပါအဝင် စစ်အင်အားတွေကို အရှေ့အလယ်ပိုင်းမှာ ဖြည့်တင်းနေသလို အိမ်ဖြူတော်ကလည်း တိုက်ခိုက်ဖို့ နည်းလမ်းသစ်တွေကို ဆွေးနွေးနေပါတယ်။
ဒီအပေါ် အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီကတော့ အမေရိကန်စစ်သင်္ဘောတွေကို ပင်လယ်အောက် မြှုပ်ပစ်နိုင်တဲ့ လက်နက်တွေ သူတို့ဆီမှာ ရှိတယ်လို့ လူမှုကွန်ရက်ကနေ တုံ့ပြန် ခြိမ်းခြောက်ထားပါတယ်။
စစ်မတိုက်လိုပေမဲ့ တိုက်ခိုက်ခံရရင်တော့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့လည်း အီရန်က ကုလသမဂ္ဂဆီ စာရေးသား အကြောင်းကြားထားပါတယ်။
နှစ်ဖက်ထိန်းသိမ်းကြဖို့ ရုရှားက တိုက်တွန်းထားသလို ပိုလန်နိုင်ငံကလည်း အီရန်ရောက် သူ့နိုင်ငံသားတွေကို ချက်ချင်းထွက်ခွာဖို့ ဖေဖော်ဝါရီ ၁၉ ရက်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
စစ်ရေးတင်းမာမှုတွေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်နေချိန်မှာပဲ အမေရိကန် လွှတ်တော်အမတ်တချို့ကတော့ လွှတ်တော်ခွင့်ပြုချက်မရှိဘဲ အီရန်ကို စစ်တိုက်မဲ့အရေး မဲခွဲတားဆီးသွားမယ်လို့ ဆိုပါတယ်။
Source:Reuters


