Home
နိုင်ငံတကာ
ရေတပ်လေ့ကျင့်ရေး မတိုင်မီ ရုရှားစစ်သင်္ဘော အီရန်ကိုရောက်
DVB
·
February 19, 2026
Photo :Reuters

ရုရှားကော်ဗက်စစ်သင်္ဘော "စတွိုင်ကီ" ဟာ အီရန်နိုင်ငံ ဘန်ဒါအာဘတ်စ်ဆိပ်ကမ်းဆီ ရောက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောခဲ့ပြီး ကြိုဆိုပွဲအခမ်းအနား ဗီဒီယိုကို ထုတ်ပြန် ခဲ့ပါတယ်။ 

ရုရှားနဲ့ အီရန်ရေတပ်တွေဟာ "အရပ်ဘက်သင်္ဘောတွေ ဘေးကင်းရေးကို သေချာစေဖို့ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြတယ်”လို့ ဝန်ကြီးဌာနက ဗီဒီယိုနဲ့အတူ ကြေညာချက် ထုတ်ပြန်ပါတယ်။

အီရန်နဲ့ ရုရှားတို့က ကြာသပတေးနေ့မှာ အိုမန်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာ ရေတပ် တွေ စစ်ရေးလေ့ကျင့်ကြမယ်လို့ အီရန်အစိုးရပိုင် Fars သတင်းဌာနက ဖော်ပြပါတယ်။

အီရန်တော်လှန်ရေး အစောင့်တပ်တွေက ဟော်မုဇ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်အပြီး ရက်ပိုင်း အတွင်း ရုရှားစစ်သင်္ဘော ရောက်လာတာ ဖြစ်ပါတယ်။ 

အမေရိကန်နဲ့ အီရန်အစိုးရတွေကြား သံတမန်ရေးဆွေးနွေးပွဲတွေ ဆက်လုပ်နေပေမဲ့ စစ်ရေး ထိပ်တိုက်ရင်ဆိုင်မှုတွေ မကြာမီရက်တွေအတွင်း စတင်နိုင်ပြီး ပြင်းထန်တဲ့အပြင် သီတင်းပတ် အများကြီးကြာတဲ့ စစ်ဆင်ရေးတခု ဖြစ်လာနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ထိပ်တိုက်ရင်ဆိုင်မှုတခု နီးကပ်လာနိုင်တယ်လို့ အစ္စရေးကာကွယ်ရေးတပ် IDF ရဲ့ စစ်ဘက် ထောက်လှမ်းရေးအကြီးအကဲဟောင်း အေးမို့စ် ယာဒလင်က အကြံပြုပါတယ်။

အမေရိကန်-အီရန်စစ်ပွဲဟာ ရှည်လျားပြီး သီတင်းပတ်အများကြီး ကြာမဲ့ စစ်ဆင်ရေးတခု ဖြစ်လာနိုင်ပြီး လာမဲ့ သီတင်းပတ်တွေအတွင်း တိုက်ခိုက်မှုဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိတယ်လို့ အိမ်ဖြူတော်အရာရှိတယောက်က ခန့်မှန်းထားတဲ့အကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေး တခု ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်ကို ကိုးကားပြီး တိုင်းမ်စ်အော့ဖ် အစ္စရေးသတင်းဌာနက ဖော်ပြပါတယ်။ 

စစ်ပွဲဟာ လူအများစုမျှော်လင့်ထားတာထက် ပိုစောစော ဖြစ်နိုင်ပြီး လူအများမျှော်လင့် ထားတာ ထက် အများကြီး ပိုကြီးနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်က စိတ်ကုန်နေပြီး သူ့ပတ်ဝန်းကျင်က လူတချို့က အီရန်နဲ့ စစ်မတိုက်ဖို့ သတိပေးကြပေမဲ့ ရှေ့သီတင်းပတ် နည်းနည်းအတွင်း လှုပ်ရှားမှုကို မြင်တွေ့ရနိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိတယ် ထင်တယ်လို့ ထရမ့်ပ်ရဲ့အကြံပေးတယောက်က Times of Israel သတင်းဌာနကို ပြောပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013