
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စိတ်ကြိုက်အရောင်ဖြစ်တဲ့ ရွှေရောင်၊ အနီရင့်နဲ့ အပြာရင့်ရောင်တွေ ပါဝင်တဲ့ ဒီဇိုင်းသစ်ကို သမ္မတလေယာဉ် Air Force One မှာ ပြောင်းလဲအသုံးပြုသွားမယ်လို့ အမေရိကန်လေတပ်က ပြောပါတယ်။
သမ္မတကတော် မယ်လာနီယာထရမ့်ပ် အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေ စီးနင်းတဲ့ တခြားလေယာဉ်တွေကိုပါ ပြုပြင်ထိန်းသိမ်းမှုလုပ်တဲ့အချိန် ဆေးရောင်ပြောင်းသုတ်သွားမှာ ဖြစ်ပါတယ်။
ကာတာနိုင်ငံက လှူဒါန်းထားတဲ့ Boeing 747-8i အဆင့်မြင့် ဇိမ်ခံလေယာဉ်အသစ်မှာလည်း ဒီအရောင်သစ်တွေကိုပဲ အသုံးပြုသွားမှာပါ။
သမ္မတ ဂျွန်အက်ဖ်ကနေဒီ လက်ထက် ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက သုံးစွဲခဲ့တဲ့ အဖြူနဲ့ အပြာရောင် ဒီဇိုင်းဟောင်းကို ပြောင်းလဲမှာဖြစ်ပါတယ်။
ထရမ့်ပ် ပထမသက်တမ်းကတည်းက သမ္မတစီးတော်ယာဉ်တွေ ပြုပြင်ပြောင်းလဲဖို့ စီမံခဲ့ဖူးပေမဲ့ ဂျိုးဘိုင်ဒင် တက်လာချိန်မှာ အစီအစဉ်တွေ ပြန်ဖျက်သိမ်းခဲ့ပါတယ်။
ဒီအရောင်သစ်တွေဟာ ၂၀၂၄ မဲဆွယ်ကာလတုန်းက ထရမ့်ပ် အသုံးပြုခဲ့တဲ့ “Trump Force One” လို့ခေါ်တဲ့ သူ့ကိုယ်ပိုင်လေယာဉ်က အရောင်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။
လေယာဉ်ဆေးရောင်ပြောင်းလဲမှုကြောင့် နောက်ထပ်ကြန့်ကြာတာမျိုးတွေနဲ့ ကုန်ကျစရိတ် ပိုမိုတာမျိုးတွေ ရှိလာမှာမဟုတ်ဘူးလို့ လေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဒုသမ္မတ စီးနင်းလေ့ရှိတဲ့ C-32 လေယာဉ်တစီးကို ဆေးရောင်ပြောင်းလဲမှု လုပ်ဆောင်ပြီးစီးပြီလို့ သိရပါတယ်။
အခုပြင်ဆင်နေတဲ့ ဂျမ်ဘိုလေယာဉ်ကြီးတွေဟာ ရုံးခန်း၊ အိပ်ခန်း၊ မီးဖိုချောင်နဲ့ ဆေးကုသဆောင်တွေ ပါဝင်တဲ့ အထူးလေယာဉ်တွေ ဖြစ်ပါတယ်။


