
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နဲ့ ဆွေးနွေးပွဲတွေ မအောင်မြင်ရင် အီရန်ကို စစ်ရေးအရ အရေးယူဖို့ အရှေ့အလယ်ပိုင်းဆီ ဒုတိယမြောက် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့ လွှတ်ဖို့ စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။
အမေရိကန်ရေတပ်ဟာ ဒေသတွင်းဆီ ဦးတည်နေပြီဖြစ်ပြီး နောက်ထပ်တစင်းလွှတ်ဖို့ ရှိတယ်လို့ အမေရိကန်သတင်းဌာန Axios နဲ့ အင်တာဗျူးမှာ ထရမ့်ပ်က အတည်ပြုခဲ့ပါတယ်။
အမေရိကန်ဟာ အီရန်နဲ့ သံတမန်ရေးဆွေးနွေးပွဲတွေကို ဆက်လုပ်နေချိန်မှာ စစ်ရေးအရ ထပ်တာဝန်ချဖို့ စဉ်းစားနေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်အကြား မကြာသေးမီက တင်းမာမှုတွေ မြင့်တက်လာပြီးတဲ့နောက် လေယာဉ်တင်သင်္ဘော USS အေဘရာဟင်မ် လင်ကွန်းနဲ့ ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော အများအပြားကို အရှေ့အလယ်ပိုင်းဆီ စေလွှတ်ပြီးသားပါ။
နှစ်ဖက်စလုံးဟာ ပြီးခဲ့တဲ့အပတ်က အိုမန်နိုင်ငံမှာ ဆွေးနွေးပွဲတွေလုပ်ခဲ့ပြီး အိုမန်မြို့တော် မတ်စ်ကက်မှာ နောက်ထပ် ဆွေးနွေးပွဲတွေ ကျင်းပဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်။
အီရန်ရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီက ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ပြီး အရင်အဆင့်မှာ ဆွေးနွေးပွဲလုပ်ငန်းစဉ်က ဖွံ့ဖြိုးတိုးတက်မှုတချို့ကို တဖြည်းဖြည်း မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
လာရီဂျာနီက အီရန်ဟာ လက်တွေ့ကျတဲ့အချိန်မှာ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အသင့်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။
ပထမအချီမှာ အီရန်ရဲ့ ရပ်တည်ချက်က အပြုသဘောဆောင်တာကို ထောက်ပြခဲ့တယ်လို့ အိုမန်တီဗီကို ကိုးကားပြီး AP သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
နောက်တဆင့်က ဆွေးနွေးပွဲ ရလဒ်တွေအပေါ် မူတည်ပြီး မဟာဗျူဟာမြောက် တင်းမာမှု လျှော့ချဖို့ ဒါမှမဟုတ် အနည်းဆုံးအနေနဲ့ နိုင်ငံရေးအရ ပြန်လည်နေရာချထားဖို့ အခွင့်အလမ်းတွေ ပေးစွမ်းနိုင်တယ်လို့လည်း လာရီဂျာနီက အကြံပြုခဲ့တဲ့အကြောင်း အစီရင်ခံစာထဲမှာ ဖြည့်စွက် ဖော်ပြထားပါတယ်။
Source: Reuters


