
နာမည်ကျော် Super Bowl ဖိုင်နယ်ပွဲစဉ်ရဲ့ Halftime Show မှာ ပွာတိုရီကိုနွယ်ဖွား Bad Bunny ဟာ စပိန်ဘာသာစကား သီးသန့်နဲ့ ဖျော်ဖြေခဲ့တဲ့ ပထမဆုံးအနုပညာရှင် ဖြစ်လာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ Bad Bunny ရဲ့ ဖျော်ဖြေမှုကို “အတော်ညံ့ဖျင်းပါတယ်၊ သမိုင်းတလျှောက် အဆိုးရွားဆုံးထဲမှာတောင် ပါဝင်တယ်” ဆိုပြီး Truth Social ပေါ် ပို့စ်တင်ထားပါတယ်။
၁၄ မိနစ်ကြာ သီဆိုဖျော်ဖြေမှုအတွင်း သူ့မွေးရပ်မြေဖြစ်တဲ့ ပွာတိုရီကိုအပေါ် ချစ်မြတ်နိုးကြောင်း ဖော်ပြသွားခဲ့သလို ဧည့်သည်အဆိုတော်တွေအဖြစ် လေဒီဂါဂါနဲ့ ရစ်ကီမာတင် တို့လည်း ပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် ပဲဒရို ပတ်စကယ်၊ ဂျက်ဆီကာ အယ်လ်ဘာ၊ ကာဒီ-ဘီနဲ့ ကယ်ရိုး-ဂျီ စတဲ့ နာမည်ကြီး အနုပညာရှင်တွေပါ စင်ပေါ်မှာကပြရင်း အားဖြည့်ပေးခဲ့ကြပါတယ်။
Bad Bunny က ဒီဖျော်ဖြေပွဲကို အသုံးချပြီး ထရမ့်ပ် အစိုးရအပေါ် ဆန့်ကျင်တဲ့ နိုင်ငံရေးသဘောထားတွေ ပြသလာနိုင်ကြောင်း မျှော်လင့်ခဲ့ကြပေမဲ့လည်း အမေရိကန်စည်းလုံးညီညွတ်ရေး သတင်းစကားသာ ပါးခဲ့တာ တွေ့ရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ သီချင်းနားဆင်ခံရမှု အများဆုံးအနုပညာရှင်ဟာ Bad Bunny ဖြစ်တယ်လို့လည်း Spotify ရဲ့ အချက်အလက်အရ သိရပါတယ်။
တနှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆုကို ပူပူနွေးနွေးရရှိထားတဲ့ အသက် ၃၄ နှစ်အရွယ် Bad Bunny က ဂရမ်မီ ဆုပေးပွဲမှာ ICE လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေအပေါ် ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။
Bad Bunny ကတော့ “အမေရိကအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ” (God Bless America) ဆိုပြီး စပိန်ဘာသာစကားနဲ့ ဖျော်ဖြေပွဲကို အဆုံးသတ်သွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက် ဖျော်ဖြေမှုက အားကစားလောကရဲ့ အကြီးကျယ်ဆုံးစင်မြင့်ထက်မှာ လက်တင်ယဉ်ကျေးမှုရဲ့ အနှစ်သာရတွေကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့တယ်ဆိုပြီး ချီးကျူးခဲ့ကြပါတယ်။
Source: Reuters


