Home
နိုင်ငံတကာ
အိုဘားမား ဇနီးမောင်နှံကို မျောက်ဝံအဖြစ်ဖန်တီးထားသည့် ဗီဒီယိုကိစ္စ သမ္မတထရမ့်ပ် တောင်းပန်ရန် ငြင်းဆို
DVB
·
February 7, 2026
Photo :Reuters

သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ပို့စ်တင်ခဲ့တဲ့ သမ္မတဟောင်း ဘားရတ်အိုဘားမားနဲ့ သမ္မတကတော် မီရှဲလ်အိုဘားမားတို့ကို လူဝံတွေအဖြစ် သရုပ်ဖော်ထားတဲ့ ဗီဒီယိုဖိုင်ကို ဖေဖော်ဝါရီ ၆ ရက်မှာ ရှုတ်ချခဲ့ပေမဲ့ အဲဒီကိစ္စအတွက် တောင်းပန်ဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

သမ္မတ ထရမ့်ပ်ဟာ အာဖရိကနွယ်ဖွားတွေကို လူမဆန်စွာ စော်ကားရာရောက်တဲ့ ဒီဗီဒီယိုပို့စ်ကြောင့် ၂ ပါတီစလုံးက နိုင်ငံရေးသမားတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရတာပါ။ 

ကြာသပတေးနေ့ ညနှောင်းပိုင်းက ထရမ့်ပ်ရဲ့ Truth Social အကောင့်မှာ တင်ခဲ့တဲ့ တမိနစ်စာ ဗီဒီယိုဖိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်မှုမှာ မဲလိမ်မှုတွေရှိတယ်ဆိုတဲ့ အထောက်အထားမဲ့ ပြောဆိုချက်တွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဗီဒီယိုရဲ့အဆုံးပိုင်းမှာတော့ AI နည်းပညာသုံးပြီး ကပြနေတဲ့ လူဝံတွေရဲ့ ကိုယ်ခန္ဓာမှာ အိုဘားမား ဇနီးမောင်နှံရဲ့ ခေါင်းတွေကို တပ်ဆင်ထည့်သွင်းထားတာ ဖြစ်ပါတယ်။ 

ထရမ့်ပ်ကတော့ ဗီဒီယိုတခုလုံးကို မကြည့်မိလိုက်ကြောင်းနဲ့ ဝန်ထမ်းတယောက်ယောက်က သေချာမကြည့်ဘဲ သူ့အကောင့်ထဲမှာ တင်လိုက်တာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီဗီဒီယိုဖိုင်ကို ရှုတ်ချပါသလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာတော့ "သေချာပေါက် ရှုတ်ချတာပေါ့"လို့ ဖြေကြားခဲ့ပေမဲ့ သူကိုယ်တိုင် အမှားလုပ်ခဲ့တာ မဟုတ်တဲ့အတွက် တောင်းပန်စရာ မလိုဘူးလို့ ဆိုပါတယ်။ 

အဲဒီဗီဒီယိုကို ဒီမိုကရက်ပါတီဝင်တွေတင်မကပဲ ရီပတ်ဘလစ်ကန်ပါတီဝင်တချို့ကပါ ဝေဖန်ခဲ့ပြီး တောင်ကယ်ရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ် တင်မ်စကော့တ်ကပါ လူမျိုးရေးအရ မသင့်တော်ကြောင်း ထောက်ပြခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကဲရိုလိုင်းန်လဲဗစ်ကတော့ အစပိုင်းမှာ ဒီဗီဒီယိုကို "အင်တာနက် မီမ်း" (Meme) တခုသာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပေမဲ့၊ ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက်မှာတော့ အိမ်ဖြူတော် တာဝန်ရှိသူတယောက်က အဲဒီပို့စ်ကို မှားယွင်းတင်မိခြင်းဖြစ်ကြောင်းနဲ့ ၁၂ နာရီအကြာမှာ ပြန်လည်ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ အကြံပေးတယောက်နဲ့ အိမ်ဖြူတော် လုပ်ငန်းစဉ်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ အဆိုအရ အကြီးတန်းလက်ထောက် အနည်းငယ်သာ ထရမ့်ပ်ရဲ့ လူမှုမီဒီယာအကောင့်ကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုခွင့်ရှိတာပါ။

ထရမ့်ပ်နဲ့ အိမ်ဖြူတော်အရာရှိတွေဟာ ဗီဒီယိုတင်ခဲ့တဲ့ ဝန်ထမ်း ဘယ်သူဘယ်ဝါ ဆိုတာကို မဖော်ထုတ်ခဲ့ပါဘူး။

သမ္မတ ထရမ့်ပ်ဟာ အရင်ကလည်း သမ္မတဟောင်း အိုဘားမားကို အမေရိကန်မှာ မွေးဖွားသူ မဟုတ်ဘူးလို့ လုပ်ကြံပြောဆိုမှုတွေ အပါအဝင် လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေကို အသုံးပြုလေ့ရှိတာကြောင့် အခုဖြစ်ရပ်ဟာ သူ့ရဲ့ ပုံရိပ်အပေါ် ထပ်မံ ထိုးနှက်ချက်တခု ဖြစ်လာခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013