
ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမဲ့ ဂျပန်ရွေးကောက်ပွဲ မတိုင်မီ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကို အပြည့်အဝ ထောက်ခံကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာလိုက်ပါတယ်။
ဒါ့အပြင် မတ် ၁၉ ရက်ကျရင် အိမ်ဖြူတော်မှာ တာကာအိချိနဲ့ တွေ့ဆုံသွားမယ်လို့လည်း ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
“ဝန်ကြီးချုပ် တာကာအိချိနဲ့ သူ့ညွန့်ပေါင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ အသိအမှတ်ပြုခံရဖို့ ထိုက်တန်ပါတယ်” လို့ ထရမ့်ပ်က ဖေဖော်ဝါရီ ၅ ရက်မှာ သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေ ရေးသားခဲ့တာပါ။
တာကာအိချိရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ မိတ်ဖက် Japan Innovation ပါတီတို့ဟာ အောက်လွှတ်တော်အမတ် ၄၆၅ နေရာမှာ ၃၀၀ ဝန်းကျင်အထိ အပြတ်အသတ် အနိုင်ရနိုင်တယ်လို့ စစ်တမ်းတွေက ခန့်မှန်းထားပါတယ်။
တာကာအိချိက ကုန်ဈေးနှုန်းဒဏ် ခံနေရတဲ့ ပြည်သူတွေကို ကူညီဖို့ စားသောက်ကုန်တွေအပေါ် ကောက်ခံတဲ့ ၈ ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်ကို ဆိုင်းငံ့မယ်လို့ ကတိပြုထားပါတယ်။
ဒီအစီအစဉ်ကြောင့် ကြွေးမြီဝန်ထုပ်ဝန်ပိုး ကြီးမားနေတဲ့ ဂျပန်စီးပွားရေးအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု တုန်လှုပ်စေခဲ့ပါတယ်။
ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဟာ ကာကွယ်ရေးစွမ်းရည်မြှင့်တင်ဖို့ ကြိုးပမ်းနေတာကြောင့် တရုတ်နဲ့ဆက်ဆံရေး ပိုမိုတင်းမာလာနိုင်ဖွယ် ရှိနေပါတယ်။
တရုတ်ကို ပိုပြီးဒေါသထွက်အောင်မလုပ်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက တာကာအိချိကို ထရမ့်ပ်က ဖုန်းဆက် တားမြစ်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
Source: Reuters


